【 နိုင်ငံတကာ 】 အဆင့်မြင့် ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်မှု အဆင့် ၈ ဆင့် ရှီကျင့်ဖျင် ကြေညာ

【 နိုင်ငံတကာ 】 အဆင့်မြင့် ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်မှု အဆင့် ၈ ဆင့် ရှီကျင့်ဖျင် ကြေညာ

ပေကျင်း၊ အောက်တိုဘာ - ၁၈

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် အဖွဲ့ဝင်နိုင်ငံများနှင့် အရည်အသွေးမြင့် ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကကျသည့် အဆင့် ၈ ဆင့်ကို ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်ပါတယ်။

ပေကျင်းတွင် ကျင်းပသည့် တတိယအကြိမ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ခါးပတ်လမ်းညီလာခံဖွင့်ပွဲ မိန့်ခွန်းတွင် ရှီက ထိုအဆင့်များကို ကြေညာခဲ့ခြင်းဖြစ်ပါတယ်။

ခါးပတ်လမ်းအစီအစဉ် (BRI) ၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံက ဈေးကွက်နှင့် စီးပွားရေးလုပ်ငန်းအပေါ် အခြေခံပြီး BRI စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မှု ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း ရှီ ကတိပြုခဲ့ပါတယ်။

တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်နှင့် တရုတ်ပို့ကုန်သွင်းကုန်ဘဏ်တို့သည် ယွမ် ၃၅၀ ဘီလီယံ (ဒေါ်လာ ၄၈.၇၅) ဘီလီယံ ဘဏ္ဍာရေးစီမံချက် ထူထောင်ထားပြီး နောက်ထပ် ယွမ် ၈၀ ဘီလီယံကို ပိုးလမ်းစီမံကိန်းသို့ ထည့်ဝင်မည်ဖြစ်ကြောင်း တရုတ်သမ္မတ ကြေညာပါတယ်။

အင်္ဂါနေ့က ကျင်းပသည့် ဖိုရမ်အတွင်း အမှုဆောင်အရာရှိချုပ်များညီလာခံတွင် ဒေါ်လာ ၉၇.၂ ဘီလီယံတန်သည့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တရုတ်နိုင်ငံသည် ပိုးလမ်း အီးကောမာ့စ်ပူးပေါင်းဆောင်ရွက်ရေးအတွက် ရှေ့ပြေးဇုန်များထူထောင်ခြင်း၊ ပိုမိုများပြားသော နိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်မှုစာချုပ်များနှင့် ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေး စာချုပ်များ ချုပ်ဆိုခြင်းနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကန့်သတ်ချက်များ ဖယ်ရှားခြင်းကဲ့သို့သော အစီအမံများဖြင့် ပွင့်လင်းသော ကမ္ဘာ့စီးပွားရေးကို ထောက်ပံ့မည်ဖြစ်သည်ဟု ရှီက ပြောခဲ့ပါတယ်။

အရည်အသွေးမြင့် ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေးကို အထောက်အကူပြုရန် တရုတ်နိုင်ငံသည် ဘက်စုံ ခါးပတ်လမ်းဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရေးအတွက် လုပ်ဆောင်မည်ဖြစ်ပြီး အစိမ်းရောင်တိုးတက်မှုကို ဆက်လက်အားပေးကာ သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှုကို ရှေ့တန်းတင်မည်ဖြစ်ကြောင်း ရှီက ပြောပါတယ်။

တရုတ်နိုင်ငံသည် ပြည်သူချင်း အပြန်အလှန် ထိတွေ့ဆက်ဆံခြင်းကို အားပေးပြီး ရိုးသားတည်ကြည်မှု အခြေပြု ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ကာ နိုင်ငံတကာ ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်မှုအတွက် အင်စတီကျူးရှင်းများ ထူထောင်ခြင်းကို တောင့်တင်းကြံ့ခိုင်အောင်လုပ်မည်ဟု ရှီက ပြောပါတယ်။

ယခုနှစ်သည် BRI ၁၀ နှစ်ပြည့်နှစ်ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လအထိ တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၅၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်း ၃၀ ကျော်တို့နှင့် BRI ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် ၂၀၀ ကျော် လက်မှတ်ရေးထိုးထားပါတယ်။

“ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်ရေးကို တရုတ်နိုင်ငံက အဆိုပြုခဲ့ပေမယ့် အကျိုးအမြတ်နဲ့ အခွင့်အလမ်းတွေကို တစ်ကမ္ဘာလုံးကို မျှဝေသွားမှာဖြစ်ပါတယ်” ဟု ရှီက သူ၏မိန့်ခွန်းတွင် ပြောခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာတွင် နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်း အကြီးအကဲများက လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ခါးပတ်လမ်းအစီအစဉ်အောက်မှ အောင်မြင်မှုများကို ချီးကျူးပြောကြားပြီး ရှေ့အလားအလာအတွက် ယုံကြည်မှုများကို ဖော်ပြကြပါတယ်။

BRI သည် ကမ္ဘာတစ်ဝန်းမှ ဒေသများတွင် ပေါင်းစည်းရေး စီမံကိန်းများတိုးတက်မှုနှင့် ကောင်းစွာချိတ်ဆက်ထားသည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင် ပြောကြားပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကလည်း BRI အောက်မှ တိုးတက်မှုများပေါင်းစည်း အင်အားကြီးထွားလာမည်ဟု မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

ယနေ့ကမ္ဘာ ရင်ဆိုင်နေရသည် စိန်ခေါ်မှုများအကြားတွင် BRI ၏ ခေတ်နှင့်လိုက်လျောညီထွေမှုကို ငြင်းပယ်မရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။

Linko
Ref - Xinhua