【 နိုင်ငံတကာ 】 အန္တာတိကတွင် ပင်ဂွင်းအများအပြား သေဆုံးပြီး ငှက်တုပ်ကွေးကြောင့်ဟု သံသယဖြစ်နေ

【 နိုင်ငံတကာ 】 အန္တာတိကတွင် ပင်ဂွင်းအများအပြား သေဆုံးပြီး ငှက်တုပ်ကွေးကြောင့်ဟု သံသယဖြစ်နေ

ဆစ်ဒနီ၊ ဧပြီ - ၆

အန္တာတိကတွင် ငှက်တုပ်ကွေးသည် ထောင်နှင့်ချီသည့် ပင်ဂွင်းများ မဟုတ်လျှင်ပင် ရာနှင့်ချီသော ပင်ဂွင်းများကို သေဆုံးစေခဲ့ပြီး ဖြစ်ပါသလား။

ထိုကိစ္စသည် အဒယ်လိုင်း ပင်ဂွင်းအသေ အနည်းဆုံး ၅၃၂ ကောင်ကို လွန်ခဲ့သောလက တွေ့ရှိခဲ့ပြီးနောက် သုတေသီများ လေ့လာနေသော ကိစ္စဖြစ်ပါတယ်။

သေဆုံးသည့် ပင်ဂွင်းအကောင်ရေ ထိုမျှကိုသာ တွေ့ရှိခဲ့သော်လည်း ထောင်နှင့်ချီ သေဆုံးခဲ့ပြီးဖြစ်သည်ဟု ယူဆရသည်ဟု ဖက်ဒရေးရှင်းတက္ကသိုလ် သြစတြေးလျ၏ ကြေညာချက်အရ သိရပါတယ်။

ထိုပင်ဂွင်းများကို အသေအပျောက်များစေသည့် H5N1 တုပ်ကွေး ဗိုင်းရပ်စ်ကြောင့် သေဆုံးသည်ဟု သုတေသီများ သံသယရှိနေသော်လည်း ကွင်းဆင်းစမ်းသပ်မှုများတွင် ထိုသို့ကောက်ချက်မချနိုင်သေးကြောင်း အထက်ပါတက္ကသိုလ်က ပြောပါတယ်။နမူနာများကို ဓာတ်ခွဲခန်းများသို့  ပေးပို့နေပြီး ထိုဓာတ်ခွဲခန်းများသည် လာမည့်လတွင် အဖြေပေးနိုင်မည်ဟု သုတေသီများ မျှော်လင့်ထားပါတယ်။

သေဆုံးမှုများ ဖြစ်စေတတ်သည့် H5N1 တုပ်ကွေးဗိုင်းရပ်စ်သည် ဝေးကွာသော တောင်ပိုင်းတိုက်တွင် မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ် ရင်ဆိုင်နေရသည့် ပင်ဂွင်းများနှင့် အခြားသတ္တဝါများကို အလုံးအရင်း သေဆုံးစေမည်ကို သိပ္ပံပညာရှင်များ ပူပန်နေကြပါတယ်။

ထိုရောဂါသည် တောင်အမေရိကသို့ ၂၀၂၂ ခုနှစ်တွင်ရောက်လာပြီးနောက် သားရိုင်းတိရစ္ဆာန်များတွင် ပိုမိုပြင်းထန်စွာ ပျံ့နှံ့လာပြီး အန္တာတိကသို့ရောက်သွားကာ ထိုဒေသတွင် ပထမဆုံး H5N1 ကူးစက်မှုကို ဖေဖော်ဝါရီလတွင် အတည်ပြုနိုင်ခဲ့ပါတယ်။

“ဒါဟာ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ဖိစီးမှုလို ကိစ္စတွေကြောင့် ထိခိုက်နေပြီးဖြစ်တဲ့ သားရိုင်းတိရစ္ဆာန်တွေကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်” ဟု နောက်ဆုံး စူးစမ်းလေ့လာမှုတွင် လိုက်ပါသွားခဲ့သည့် ဖက်ဒရေးရှင်း တက္ကသိုလ်မှ သားရိုင်းတိရစ္ဆာန် ဇီဝဗေဒပညာရှင် မီဂန် ဒီဝါက ပြောပါတယ်။

သေဆုံးနေသည့် အဒယ်လိုင်း ပင်ဂွင်းများကို ဟီရိုင်းနာကျွန်းမှ သုညဒီဂရီအောက်တွင် အေးခဲပြီး နှင်းများဖုံးနေသည်ကို တွေ့ရကြောင်း ဒီဝါက ပြောပါတယ်။

ဒီဝါနှင့် အဖွဲ့ငယ်သည် ထိုကြီးမားလှသော ကျွန်းတွင် သေဆုံးနေသည့် ပင်ဂွင်းအသေအရေအတွက်ကို အပြည့်အဝ မရေတွက်နိုင်ဘဲ ယခင်အပတ်များ (သို့မဟုတ်) လများက ထောင်ချီ သေဆုံးခဲ့ပြီးဖြစ်သည်ဟု ယူဆရပါတယ်။

ခန့်မှန်းခြေ ၂၈၀,၀၀၀ ခန့်ရှိသော အဒယ်လိုင်း ပင်ဂွင်းများသည် နှစ်စဉ် ဟီရိုင်နာကျွန်းတွင် သားပေါက်ပါတယ်။သားပေါက်ပြီးနောက် ပင်ဂွင်းများသည် စူးစမ်းလေ့လာရေးအဖွဲ့များမရောက်မီ ထွက်ခွာသွားကြကြောင်း ဒီဝါက ပြောပါတယ်။

ဒီဝါ၏ စူးစမ်းလေ့လာရေးအဖွဲ့သည် အန္တာတိတ်ကျွန်းဆွယ်နှင့် အနီးရှိ ကျွန်း ၃ ခုတွင် ပင်ဂွင်းဥနှင့် သားပေါက်များကို စားသည့် ပင်လယ်ငှက်များတွင် H5 မျိုးစိတ်ရှိသည်ကို မတွေ့ခဲ့ပေ။

အန္တတိကတွင် နှစ်စဉ် ပင်ဂွင်းမောင်နှံ သန်း ၂၀ သည် သားပေါက်ကြောင်း ဗြိတိသျှ အန္တာတိတ်လေ့လာရေး၏ အဆိုအရ သိရပါတယ်။

ထိုပင်ဂွင်းများတွင် အင်ပါယာ ပင်ဂွင်းများလည်း ပါဝင်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ပြင် ရေခဲနည်းလာပြီး ထိုပင်ဂွင်းမျိုးသည် ရာစုနှစ်ကုန်တွင် မျိုးသုဉ်းပျောက်ကွယ်မည်ဟု သိပ္ပံပညာရှင်များ ခန့်မှန်းထားပါတယ်။ ၂၀၂၂ ခုနှစ်က အရည်ပျော်သော ပင်လယ်ပြင်ရေခဲများကြောင့် အင်ပါယာ ပင်ဂွင်းသားပေါက် ထောင်ချီ ရေနစ်သေဆုံးစေခဲ့ပါတယ်။

အင်ပါယာ ပင်ဂွင်းများသည် ငှက်တုပ်ကွေး၏ နောက်ထပ်ခြိမ်းခြောက်မှုကို ရင်ဆိုင်ရနိုင်သည်ဟု ဒီဝါက ပြောပါတယ်။

“လာမယ့်နှစ် နွေဦးရာသီရောက်ရင် အင်ပါယာပင်ဂွင်းတွေကို ထိခိုက်စေမယ့် အလားအလာရှိနေတယ်” ဟုလည်း သူကပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - India Today