【 နိုင်ငံတကာ 】 အမေရိကန်နှင့် တရုတ် အကြိတ်အနယ်ဆွေးနွေးရန်လိုကြောင်း ယဲလန်က တရုတ်ဝန်ကြီးချုပ်ကိုပြော

【 နိုင်ငံတကာ 】 အမေရိကန်နှင့် တရုတ် အကြိတ်အနယ်ဆွေးနွေးရန်လိုကြောင်း ယဲလန်က တရုတ်ဝန်ကြီးချုပ်ကိုပြော

ပေကျင်း၊ ဧပြီ - ၈

လွန်ခဲ့သည့်နှစ်အတွင်း အကြိတ်အနယ်ဆွေးနွေးနိုင်သည့် စွမ်းရည်သည် စီးပွားရေးမဟာအင်အားကြီး ၂ နိုင်ငံကို ပိုမိုတည်ငြိမ်သည့် ခြေကုပ်ရစေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလန်က တရုတ်ဝန်ကြီးချုပ် လီချန်ကို တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ပါတယ်။

ပေကျင်းတွင် ၎င်းတို့ ၂ ဦး စတင်တွေ့ဆုံစဉ် လီက ၂ နိုင်ငံတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ လေးစားရန်လိုပြီး ရန်သူများမဟုတ်ဘဲ မိတ်ဘက်များဖြစ်သင့်ကြောင်းပြောပြီး ယဲလန်၏ ခရီးစဉ်အတွင် အပြုသဘောဆောင်သည့် တိုးတက်မှုများရခဲ့ကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံ၏ အလွန်အကျွံဖြစ်နေသည့် စက်ရုံစွမ်းရည်ကို ထိန်းချုပ်ရန် လိုအပ်ကြောင်း ယဲလန်က တရုတ်ခေါင်းဆောင်ပိုင်းကို ပြောကြားပြီး ဝါရှင်တန်နှင့် ပေကျင်းသည် ရှုပ်ထွေးသော ဆက်ဆံရေးကို တာဝန်သိသိကိုင်တွယ်ရန် လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

“ကျမတို့ရှေ့ဆက်လုပ်စရာတွေ ရှိနေသေးပေမယ့် လွန်ခဲ့တဲ့နှစ်တွေအတွင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတည်ငြိမ်တဲ့ ခြေကုပ်ရအောင် ကျမတို့လုပ်နိုင်ခဲ့တယ်” ဟု ယဲလန်က ပြောပါတယ်။

“ဒီလိုပြောလို့ ကျမတို့ဟာ ကျမတို့ရဲ့ ကွဲလွဲမှုတွေကို လျှစ်လျူရှုတယ် ဒါမှမဟုတ် အကြိတ်အနယ်ဆွေးနွေးတာကို ရှောင်ရှားတယ်လို့ မဆိုလိုဘူး။ကျမတို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ဆက်သွယ်မှသာ တိုးတက်မှုရမယ်ဆိုတဲ့ နားလည်မှုကိုပဲ ဆိုလိုတယ်” ဟုလည်း သူမကပြောပါတယ်။

ယဲလန်က ၉ လအတွင်း တရုတ်နိုင်ငံသို့ သူ၏ ဒုတိယခရီးစဉ်အတွင်း တရုတ်နိုင်ငံ၏ လျှပ်စစ်မော်တော်ယာဉ်များ၊ ဆိုလာပြားများနှင့် အခြားသန့်ရှင်းသော စွမ်းအင်ထုတ်ကုန်များ အလွန်အကျွံထုတ်လုပ်မှုကြောင့် အမေရိကန်နှင့် အခြားနိုင်ငံများမှ ထုတ်လုပ်သူများအပေါ် ကျရောက်လာသည့် ခြိမ်းခြောက်မှုကို အဓိကထားပြောခဲ့ပါတယ်။

ယဲလန်သည် ထိုင်ဝမ်မှ ကိုဗစ်နိုင်တင်းရင်းမြစ်နှင့် ကုန်သွယ်ရေးအငြင်းပွားမှုအထိပါဝင်သော ပြဿနာများကြောင့် နှစ်နိုင်ငံတင်းမာမှု မြင့်မားပြီးနောက် နှစ်နိုင်ငံစီးပွားရေး ပုံမှန်ပြန်လည်ဆက်သွယ်ရန် ၂၀၂၃ ခုနှစ် ဇူလိုင်လက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။

ဆက်ဆံရေးတည်ငြိမ်လာသည့် လက္ခဏာအဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် တောင်တရုတ်ပင်လယ် တင်းမာမှုကို စီမံရန် အင်္ဂါနေ့တွင် ၂ နာရီနီးပါး ဖုန်းဖြင့်ဆက်သွယ်ခဲ့ပါတယ်။

ထိုသို့ဆက်သွယ်ခြင်းသည် နိုဝင်ဘာထိပ်သီးဆွေးနွေးပွဲအပြီး ပထမဆုံး တိုက်ရိုက်ဆွေးနွေးခြင်းဖြစ်ပါတယ်။

အမေရိကန်နှင့် တရုတ်စစ်အရာရှိများသည်လည်း စစ်ဆင်ရေး ဘေးကင်းမှုနှင့် ပညာရှင်ပီသမှုအတွက် ဟာဝိုင်အီတွင် လွန်ခဲ့သောအပတ်က ဆွေးနွေးကြပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters