【 နိုင်ငံတကာ 】 အမေရိကန်လုံခြုံရေးအတွက် အစ္စရေးနှင့် ယူကရိန်းကို ထောက်ပံ့ဖို့ အရေးကြီးကြောင်း ပြည်သူများကို ဘိုင်ဒင်ပြော

【 နိုင်ငံတကာ 】 အမေရိကန်လုံခြုံရေးအတွက် အစ္စရေးနှင့် ယူကရိန်းကို ထောက်ပံ့ဖို့ အရေးကြီးကြောင်း ပြည်သူများကို ဘိုင်ဒင်ပြော

ဝါရှင်တန်၊ အောက်တိုဘာ - ၂၀

ယူကရိန်းနှင့် အစ္စရေးကို ကူညီရန် ရန်ပုံငွေလိုအပ်ကြောင်း သောကြာနေ့တွင် ကွန်ဂရက်သို့ အရေးပေါ်အကူအညီတောင်းခံမည်ဖြစ်ကြောင်း အသက် ၈၀ ရှိပြီဖြစ်သော အမေရိကန်သမ္မတ ဘိုင်ဒင် ပြောကြားလိုက်ပြီး ထိုသို့ထောက်ပံ့ခြင်းသည် လာမည့်ဆယ်စုနှစ်များတွင် အမေရိကန်ပြည်ထောင်စု စင်မြင့်တွင်တည်ရှိရေး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

“အမေရိကန်ခေါင်းဆောင်မှုက ကမ္ဘာကို စုစည်းပေးထားတာ” ဟု ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းအတွင်း ဒုတိယအကြိမ် အရေးအပါဆုံး သမိုင်းဝင် ရီဆိုလု စားပွဲနောက်မှ မိန့်ခွန်းတွင် ပြောခဲ့ပါတယ်။

ဟားမတ်စ်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် မတူညီသော ခြိမ်းခြောက်မှုများကို ကိုယ်စားပြုသော်လည်း အတူတူပင်ဖြစ်ကြောင်း သူကပြောခဲ့ပါတယ်။ထိုနှစ်ခုလုံးသည် အိမ်နီးချင်း ဒီမိုကရေစီကို ဖျကဆီးလိုသူများဖြစ်သည်ဟု သူကပြောခဲ့ပါတယ်။

“ဟားမတ်စ်နဲ့ ပူတင်လို အကြမ်းဖက်သမားတွေ နိုင်သွားတာကို ကျနော်တို့ ခွင့်မပြုနိုင်ဘူး။အဲဒီလိုဖြစ်ခွင့် ကျနော်မပြုနိုင်ဘူး” ဟုလည်း သူကပြောခဲ့ပါတယ်။

ယခုအပတ်အတွင်း အစ္စရေးသို့ ရုတ်တရက်သွားရောက်ပြီးနောက် ဒီမိုကရက်သမ္မတ ဘိုင်ဒင်သည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ ပြန်လည်ဝင်ရောက်အတွက် စစ်ကိုငြီးငွေ့လာသည့် မဲဆန္ဒရှင်များနှင့် သဘောထားတင်းမာသော ရီပတ်ဘလစ်ကန်များကို စည်းရုံးရန် ကြိုးစားနေပါတယ်။

သူ၏ ၁၅ မိနစ်ကြာ မိန့်ခွန်းသည် အမေရိကန်များအနေဖြင့် နက်ရှိုင်းသော သဘောထားကွဲလွဲမှုများကို ကျော်လွှားရန်နှင့် သမုဒ္ဒရာခြားနေသော်လည်း အမေရိကန်အတွက် အဓိကခြိမ်းခြောက်မှုဖြစ်သည်ဟု သူပြောသည့် ပဋိပက္ခ ၂ ခုကို ထောက်ပံ့ရန် တောင်းဆိုနေပါတယ်။

           ကမ္ဘာ့မီးရှူးတန်ဆောင်

“ပါတီဘက်လိုက် ဒေါသကြီးတဲ့ နိုင်ငံရေးက မဟာအင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ ကျနော်တို့တာဝန်ကို ဟန့်တားတာမျိုး ကျနော်တို့ခွင့်မပြုနိုင်ဘူး” ဟု အမေရိကန်အလံကို နောက်ခံထားပြီး ဘိုင်ဒင် ပြောကြားခဲ့ပါတယ်။

“အမေရိက က ကမ္ဘာ့မီးရှူးတန်ဆောင် ဆက်လက်ဖြစ်နေတယ် ဖြစ်နေမယ်” ဟု သူကပြောပါတယ်။

ဘိုင်ဒင်က အမေရိကန်ပြည်ထောင်စုတွင် ဂျူးဆန့်ကျင်ရေးနှင့် မွတ်ဆလင်ဆန့်ကျင်ရေး အဆုံးသတ်ရန်လည်း တောင်းဆိုခဲ့ပါတယ်။အသက် ၆ နှစ်အရွယ် ပါလက်စတိုင်း အမေရိကန်ကလေးငယ်ကို အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့်ဆက်စပ်သည့် အမုန်းတရားဖြင့် သတ်ဖြတ်သည်ဆိုသည့် စွပ်စွဲမှုဖြစ်ပြီးနောက် ထိုသို့တောင်းဆိုခြင်းဖြစ်ပါတယ်။

“ခင်ဗျားတို့နာကျင်မှုတွေကို ကျနော်နားလည်တယ်ဆိုတာ သိစေချင်တယ်။ခင်ဗျားတို့အားလုံးက အမေရိကန် နိုင်ငံသားတွေဖြစ်တယ်” ဟု သူကပြောပါတယ်။

အိမ်ဖြူတော်သည် ကွန်ဂရက်ထံမှ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် တောင်းဆိုနေပါတယ်။ထိုငွေတွင် ယူကရိန်းလက်နက်ခဲယမ်းအတွက် အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံနှင့် အစ္စရေးအတွက် ဒေါ်လာ ဘီလီယံ ၁၄ ဘီလီယံ ပါဝင်သည်ဟု နယူးယောက်တိုင်းမ်စ်က ဖေါ်ပြခဲ့ပါတယ်။

ထိုငွေတွင် ထိုင်ဝမ်အတွက်နှင့် အင်ဒို-ပစိဖိတ်ဒေသကို တရုတ်ခြိမ်းခြောက်မှုကို ခုခံရန် ဒေါ်လာ ၇ ဘီလီယံ လုံခြုံရေးအကူအညီနှင့် အမေရိကန်နှင့် မက္ကဆီကို နယ်စပ်လုံခြုံရေးအတွက် ဒေါ်လာ ၁၄ ဘီလီယံနှင် ပဋိပက္ခဒေသများတွင် လူသားချင်းစာနာမှု အကူအညီအတွက် ဒေါ်လာ ၁၀ ဘီလီယံ ပါဝင်ပါတယ်။

ထိုငွေများသည် မျိုးဆက်ပေါင်းများစွာသော အမေရိကန်လုံခြုံရေးအတွက် အကျိုးအမြတ်ဖြစ်စေမည့် စမတ်ကျသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ဘိုင်ဒင်က ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတများသည် လွန်စွာအရေးကြီးသော ကိစ္စများအတွက်သာ ဘဲဥပုံရုံးခန်းကို အသုံးပြု မိန့်ခွန်းပြောကြပါတယ်။ဘိုင်ဒင်သည် အမေရိကန်ကြွေးမြီ ပြန်လည်မပေးဆပ်နိုင်မည့် အခြေအနေကို ရှောင်လွှဲရန် ကွန်ဂရက်နှင့် သဘောတူညီမှုကို ကြိုဆိုရန် ထိုရုံးခန်းမှ ဇွန်လတွင် မိန့်ခွန်းပြောခဲ့ဖူးပါတယ်။

သို့သော် ကွန်ဂရက်တွင် ရီပတ်ဘလစ်ကန်များက  မည်သူ အောက်လွှတ်တော်ဥက္ကဌ ဖြစ်သင့်သည်ကို ဆုံးဖြတ်ရန် သဘောထားကွဲနေသောကြောင့် အလုပ် မလုပ်နိုင်သည်မှာ ၂ ပတ်ကြာပြီဖြစ်ပါတယ်။

Linko
Ref - AFP