【 နိုင်ငံတကာ 】 အသေးငယ်ဆုံး ကျူးကျော်မှုလုပ်လျှင်ပင် အစ္စရေးကို လုံးဝဖျက်ဆီးမည်ဟု အီရန်သမ္မတပြော

【 နိုင်ငံတကာ 】 အသေးငယ်ဆုံး ကျူးကျော်မှုလုပ်လျှင်ပင် အစ္စရေးကို လုံးဝဖျက်ဆီးမည်ဟု အီရန်သမ္မတပြော

တီဟီရန်၊ ဧပြီ - ၁၉
 
နိုင်ငံကို အသေးငယ်ဆုံး ကျူးကျော်မှုလုပ်လျှင်ပင် အစ္စရေးကို အလုံးစုံဖျက်ဆီးပစ်မည်ဖြစ်ကြောင်း အီရန်သမ္မတ ပြောကြားလိုက်ပါတယ်။
 
အီရန်က လွန်ခဲ့သော ရက်သတ္တပတ်ကုန်တွင် အစ္စရေးကို ဒုံးကျည်များ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် အစ္စရေးက လက်စားချေမည်ကို ရင်ဆိုင်နေရချိန်တွင် သမ္မတ အီဗရာဟင် ရိုင်စီက ဗုဒ္ဓဟူးနေ့ စစ်ရေးပြပွဲတစ်ခုတွင် ကြီးမားပြင်းထန်သော တုံ့ပြန်မှုလုပ်မည်ဟု သတိပေး လိုက်ခြင်းဖြစ်ပါတယ်။
 
အီရန်ဗိုလ်ချုပ် ၂ ဦးအပါအဝင် လူ ၁၂ ဦး သေဆုံးစေသည့် ဆီးရီးယားမှ အီရန်သံရုံးအဆောက်အအုံ တိုက်ခိုက်မှုကို ဧပြီလ ၁ ရက်နေ့တွင် အစ္စရေးပြုလုပ်သောကြောင့် အီရန်က အစ္စရေးကို စနေနေ့တွင် ရာနှင့်ချီသည့် ဒုံးကျည်များ ဒရုန်းများဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
 
စနေနေ့က တိုက်ခိုက်မှုသည် အကန့်အသတ်ဖြင့် တိုက်ခိုက်မှုဖြစ်ကြောင်း ရိုင်စီ ပြောကြားလိုက်ပြီး ပိုမိုကြီးမားသော တိုက်ခိုက်မှုလုပ်လာပါက ဇီယွန်ဝါဒီအစိုးရတွင် မည်သည်မျှ ကျန်ရှိမည် မဟုတ်ကြောင်း IRNA တရားဝင်သတင်းဌာနကကြေညာခဲ့ပါတယ်။
 
ရိုင်စီက အထက်ပါစကားများကို စစ်ရေးပြချီတက်ပွဲတွင် ပြောကြားခြင်းဖြစ်ပြီး ထိုစစ်ရေးပြပွဲကို ယခင်က တီဟီရန်မြို့စွန် အဝေးပြေးလမ်းတွင် ပြုလုပ်ခြင်းဖြစ်သော်လည်း ယခုအခါ မြို့တော်တောင်ပိုင်းမှ စခန်းတစ်ခုတွင် ပြုလုပ်ခဲ့ပါတယ်။ထိုသို့နေရာပြောင်းရွှေ့ခြင်းကို အီရန်ကမည်သည့်အကြောင်းပြချက်မျှ မပေးပေ။
 
ထူးခြားသည်မှာ ထိုမိန့်ခွန်းကို ယခင်နှစ်များကကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်ခြင်း မဟုတ်ပေ။
 
စနေနေ့တွင် အစ္စရေးသည် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အိမ်နီးချင်း ဂျော်ဒန်နှင့် အခြားနိုင်ငံများ၏ အကူအညီဖြင့် အီရန်ပစ်ခတ်သည့် ဒုံးကျည်နှင့် ဒရုန်းအားလုံးနီးပါးကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။ Iron Dome နှင့် David’s Sling ကာကွယ်ရေးစနစ်များကို အသုံးပြုပြီး အောင်မြင်မှု ၉၉ ရာခိုင်နှုန်းရှိကြောင်း အစ္စရေးက ပြောခဲ့ပါတယ်။
 
အစ္စရေးက လက်တုံ့ပြန်မည်ဟု ကြိမ်းဝါးသော်လည်း မည်သည့်အချိန်တွင် မည်သို့တုံ့ပြန်မည်ကို မပြောပေ။
 
သက်ဆိုင်သူအားလုံးအနေဖြင့် တင်းမာမှု ရှောင်ရှားရန် မဟာမိတ်များက တိုက်တွန်းသော်လည်း အစ္စရေးနိုင်ငံ စစ်ကောင်စီသည် အနာဂတ်တုံ့ပြန်မှုကို ဆုံးဖြတ်ရန် အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
 
အီရန်နှင့် အစ္စရေးတို့သည် ကြားခံများဖြင့် စစ်ဆင်နေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်ပြီး အီရန်က ဟားမတ်စ်အဖွဲ့ကို ထောက်ခံသောကြောင့် လွန်ခဲ့သောလများအတွင် စစ်ပွဲအထွဋ်အထိပ် ရောက်လာခဲ့ပါတယ်။ဟားမတ်စ်က အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံသမိုင်းတွင် အကြီးမားဆုံးတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
 
စနေနေ့က တိုက်ခိုက်မှုသည် အီရန်စစ်တပ်က အစ္စရေးကို ပထမဆုံးအကြိမ် တိုက်ရိုက်တိုက်ခိုက်မှုဖြစ်ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - AP