【 နိုင်ငံတကာ 】 အာဖရိက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တော်လှန်ရေးကို တရုတ်မောင်းနှင်ပေးနိုင်

【 နိုင်ငံတကာ 】 အာဖရိက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တော်လှန်ရေးကို တရုတ်မောင်းနှင်ပေးနိုင်

ဂျိုဟန်နစ္စဘတ်၊ ဧပြီ - ၃

အာဖရိကမှ စွမ်းအင်တော်လှန်ရေးကို ရှေ့သို့ မောင်းတင်ပေးနိုင်သည့် ထူးခြားသော အခွင့်အလမ်း တရုတ်တွင် ရှိနေသော်လည်း ပထမဆုံးအနေဖြင့် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း အစိမ်းရောင်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကို လျစ်လျူရှုထားခြင်းကို ပြောင်းလဲရမည်ဖြစ်ကြောင်း ဘော်စတွန်တက္ကသိုလ် သုတေသနက အင်္ဂါနေ့တွင် ပြသလိုက်တယ်လို့ ဆိုပါတယ်။

ယခုရာစုနှစ် စတင်ချိန်တွင် ပေကျင်းသည် အာဖရိကတိုက်၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်လာပြီး ဒေါ်လာဘီလီယံပေါင်းများစွာကို အခြေခံအဆောက်အအုံစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံထားပါတယ်။

လွန်ခဲ့သော ၃ နှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်သည် ပြည်ပတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပေးမည် မဟုတ်ကြောင်း ကတိပြုပြီး အစိမ်းရောင်နှင့် ကာဗွန်ထုတ်လုပ်မှုနည်းသည့် စွမ်းအင်များကို အားပေးပြီး ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်မည်ဟု ပြောကြားခဲ့ပါတယ်။

အာဖရိကသည် ကမ္ဘာတွင် အစိမ်းရောင်စွမ်းအင် အလားအလာအကောင်းဆုံး နေရာများအနက် တစ်ခုဖြစ်သော်လည်း တရုတ်ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုသည် အာဖရိကတွင် စွမ်းအင်ကူးပြောင်းရေးအတွက် နှိုင်းယှဉ်ချက်အားဖြင့် နည်းနေသည်ဟု ဘော်စတွန်တက္ကသိုလ် ကမ္ဘာဖွံ့ဖြိုးရေးမူဝါဒဌာနနှင့် အာဖရိက စီးပွားရေးသုတေသန လုပ်ငန်းစုက ပြောပါတယ်။

နေနှင့် လေအားကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် တရုတ်ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ချေးငွေသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အတွင်း စွမ်းအင်အတွက်ချေးငွေ ဒေါ်လာ ၅၂ ဘီလီယံ၏ ၂ ရာခိုင်နှုန်းသာရှိပြီး ၅၀ ရာခိုင်နှုန်းကျော်ကို ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအတွက် ထုတ်ချေးခြင်းဖြစ်ပါတယ်။

“လက်ရှိ စီးပွားရေးစိန်ခေါ်မှုများနှင့် အနာဂတ်စွမ်းအင် အခွင့်အလမ်းများအရ တရုတ်နိုင်ငံသည် အာဖရိကစွမ်းအင်ရရှိရေးနှင့် အသွင်ကူးပြောင်းရေးတွင် ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအရ အခန်းကဏ္ဍတခုမှ ပါဝင်နိုင်သည်” ဟု ထိုအစီရင်ခံစာက ဖော်ပြပါတယ်။

တရုတ်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေး အဖွဲ့အစည်းများသည် တူးဖော်ထုတ်လုပ်ရေးနှင့် တရုတ်သို့ တင်ပို့ရေးနှင့် လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများကို အာရုံစိုက်ကြပါတယ်။

တရုတ်ချေးငွေများသည် ရေနံနှင့် တွင်းထွက်များ ထုတ်လုပ်ပြီး တရုတ်ပြည်သို့ တင်ပို့ရန်သည် အာရုံစိုက်ကြပါတယ်။

တရုတ် ပို့ကုန်၊ သွင်းကုန်ဘဏ်က ငွေကြေးစိုက်ထုတ်သည့် ရေအားလျှပ်စစ်စီမံကိန်း အနည်းဆုံး ၈ ခုသည် ရေအားလျှပ်စစ်အတွက် ချေးငွေအားလုံး၏ ၂၆ ရာခိုင်နှုန်းရှိပြီး သတ္တုထုတ်လုပ်ရေးလုပ်ငန်းများကို အထောက်အကူပြုရန်သာ ရည်ရွယ်ပါတယ်။

“ထိုလုပ်ငန်းသည် အာဖရိကစီးပွားရေးများအတွက် ပို့ကုန်ဝင်ငွေရစေသော်လည်း အာဖရိကနိုင်ငံများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာ၏ အကျိုးကျေးဇူးကို အပြည့်အဝ မရကြသေးပေ” ဟု ထို အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်တွင် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာသည် ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်း ပတ်ဝန်းကျင်ရှိပြီး စွမ်းအင်သုံးစွဲမှု၏ ၉၀ ရာခိုင်နှုန်းရှိသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters