【 နိုင်ငံတကာ 】 ၁၅ နှစ်ကြာ ပြည်ပတိမ်းရှောင်နေပြီးနောက် ထိုင်းသို့ သက်ဆင် ပြန်ရောက်လာ

【 နိုင်ငံတကာ 】 ၁၅ နှစ်ကြာ ပြည်ပတိမ်းရှောင်နေပြီးနောက် ထိုင်းသို့ သက်ဆင် ပြန်ရောက်လာ

ဘန်ကောက်၊ သြဂုတ် - ၂၂

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေထိုင်ပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

ဆက်သွယ်ရေးလုပ်ငန်းတွင် ချမ်းသာကြွယ်ဝသူ သက်ဆင်သည် စင်ကာပူမှ ကိုယ်ပိုင်လေယာဉ်ဖြင့် လိုက်ပါကာ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ အင်္ဂါနေ့ နံနက် ၉ နာရီတွင် ဆင်းသက်ခဲ့ကြောင်း ထိုင်းနိုင်ငံ Khaosod Media မှ ဖော်ပြခဲ့ပါတယ်။

သက်ဆင်၏ ညီမဖြစ်သူ ယင်လပ် ရှင်နာဝပ်ထရာမှာ အစောပိုင်းက TikTok အပလီကေးရှင်းတွင် အနီရောင်လည်စည်းဖြင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သက်ဆင် လေယာဉ်ပေါ်တက်သည်ကို ပြသထားသည့် ဗီဒီယိုဖိုင်ကို တင်ခဲ့ပါတယ်။

နိုင်ငံတွင်းရောက်ရှိချိန်တွင် ရဲများ၏ ဖမ်းဆီးခြင်းကိုခံရမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း၊ သက်ဆင်ကို အားပေးထောက်ခံသူများက လမ်းပေါ်တွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကာ ကပြသီဆို ဖျော်ဖြေနေကြပါတယ်။

၂၀၀၁ ခုနှစ်တွင် သက်ဆင်သည် ထိုင်းကျေးလက်ဒေသခံများကို ဆွဲဆောင်နိုင်သော လူကြိုက်များသည့် စင်မြင့်ဖြင့် အာဏာရခဲ့ပါတယ်။နောက်ငါးနှစ်အကြာတွင် အပြတ်အသတ်အနိုင်ရကာ အာဏာပြန်ရလာခဲ့သော်လည်း ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် သက်ဆင်သည် ကုလသမဂ္ဂတွင်  မိန့်ခွန်းပြောရန် နယူးယောက်တွင်ရှိနေချိန်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

နောက်ပိုင်းတွင် သက်ဆင်ကို စစ်တပ်က အာဏာအလွဲသုံးစားလုပ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ၎င်း၏အချိန်အများစုကို ဒူဘိုင်းတွင် နေထိုင်ခဲ့ရပါတယ်။တစ်ချိန်တည်းတွင် ထိုင်းနိုင်ငံသည် သက်ဆင်ကို ထောက်ခံသူများ လမ်းမပေါ်ထွက်၍ နိုင်ငံရေးမငြိမ်မသက်ဖြစ်ခဲ့ရပါတယ်။

ထိုအချိန်မှစ၍ တိုင်းပြည်သည် ရွေးကောက်ပွဲနှင့် အာဏာသိမ်းမှု သံသရာကို ဖြတ်သန်းခဲ့ပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲများကို သွေးထွက်သံယို ဖြိုခွင်းမှုများကြောင့် ဒါဇင်နှင့်ချီ သေဆုံးခဲ့ပါတယ်။

သက်ဆင်ပါတီ၏ နောက်ဆုံးထင်ရှားသော ဆက်ခံသည့် ဖြူထိုင်းပါတီသည် မေလတွင် ကျင်းပသော ရွေးကောက်ပွဲတွင် ဒုတိယမြောက် မဲအများဆုံးရသည့် ပါတီဖြစ်လာခဲ့ပါတယ်။

အထက်လွှတ်တော်ရှိ စစ်တပ်မှ ခန့်အပ်ထားသော အထက်လွှတ်တော်အမတ်များက မဲအများစုရသော Move Forward ပါတီကို ထောက်ခံရန် ငြင်းဆိုသောကြောင့် အစိုးရမဖွဲ့နိုင်ဘဲ ဖြူထိုင်းပါတီက စစ်တပ်ကျောထောက်နောက်ခံပြုသူများအပါအဝင် ယခင်အာဏာရပါတီများနှင့် မဟာမိတ်ဖွဲ့ခဲ့ပါတယ်။

အင်္ဂါနေ့နှောင်းပိုင်းတွင် မဲခွဲဆုံးဖြတ်မည်ဖြစ်ရာ ပါတီ၏ အိမ်ခြံမြေသူဌေးကြီး ဆီထာသာဗင်စင်မှာ ဝန်ကြီးချုပ်ဖြစ်လာနိုင်ခြေရှိနေပါတယ်။

Linko
Ref - Aljazeera