မန္တလေးတက္ကသိုလ်အတွင်း ဆောက်ထားသည့် Food Court ကိစ္စ ကျောင်းသားသမဂ္ဂက ကျေနပ်မှုမရှိသဖြင့် သပိတ်မှောက်

မန္တလေးတက္ကသိုလ်အတွင်း ဆောက်ထားသည့် Food Court ကိစ္စ ကျောင်းသားသမဂ္ဂက ကျေနပ်မှုမရှိသဖြင့် သပိတ်မှောက်

မန္တလေးတက္ကသိုလ် ကျောင်းဝင်းထဲ ဆောက်လုပ်ထားတဲ့ Food Court ကိစ္စနဲ့ ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျေနပ်မရှိလို့ ဒီကနေ့စတင်သပိတ်မှောက်နေပြီဖြစ်ပါတယ်။Food Court ဆောက်လုပ်တဲ့အခါမှာ တင်ဒါ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ခဲ့တာမျိုး မရှိသလို ပညာရေးဝန်ကြီးဌာနနဲ့ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခဲ့လို့ဆိုပြီး ဒါကို ပြန်စိစစ်ပေးဖို့ ၎င်းတို့က သပိတ်မှောက်ကြတာပါ။

"ပါမောက္ခချုပ်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်ကို ဖောက်ဖျက်တယ်၊ Food Court ဆောက်လုပ်တဲ့နေရာမှာ တင်ဒါခေါ်တာမရှိဘူး၊ နောက်ပြီးတော့ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်လည်းမရှိဘူး၊ ဒါတွေကို ပြန်စိစစ်ပေးဖို့ ကျွန်မတို့ တောင်းဆိုနေတဲ့ကြားကမှ မဖြစ်ဖြစ်အောင် လုပ်ခဲ့ကြတာပါ ဒီအတွက် ကျွန်မတို့ ဒီနေ့သပိတ်မှောက်တာပါ" လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မယမင်းဦး က ပြောပါတယ်။

ကျောင်းအာဏာပိုင်တွေအနေနဲ့ Food Court ဆောက်လုပ်ဖို့ အစည်းအဝေးတွေ လုပ်ဆောင်ခဲ့တုန်းကလည်း စီမံခန့်ခွဲရေးအပိုင်းမှာ ပါဝင်တဲ့ ကျောင်းသားသမဂ္ဂတွေကို ပွင့်လင်းမြင်သာစွာ ချပြတာမျိုးမရှိဘဲ အဆိုးရွားဆုံးအနေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေရဲ့ လက်မှတ်အတုတွေ ဖန်တီးလုပ်ဆောင်ခဲ့တာတွေလည်း ရှိတယ်လို့ ၎င်းတို့က စွပ်စွဲပြောဆိုထားပါတယ်။

"ကျွန်တော်တို့က ဒီ Food Court ဆောက်တာကို မဆောက်စေချင်လို့မဟုတ်ဘူး ကျောင်းထဲမှာ စားသောက်ဆိုင်ကောင်းကောင်းရှိတာ ကျွန်တော်တို့အတွက် မကျေနပ်စရာမရှိပါဘူး အခုဟာက ပွင့်လင်းမြင်သာတာမျိုးမရှိဘဲ တင်ဒါခေါ်ခဲ့တာအတွက် မဖြစ်သင့်ဘူးထင်လို့ပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့ ဒီနေရာကနေ တောင်းဆိုပါတယ်" လို့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဝေယံထက် က ပြောပါတယ်။

 

မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတွေအနေနဲ့ အခုလို သပိတ်မှောက်ဆန္ဒပြပွဲ မလုပ်ခင်ကတည်းက ကျောင်းအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တာတွေရှိခဲ့သလို နိုင်ငံတော်၏အတိုင်ပင်ခံရုံး၊ နိုင်ငံတော်သမ္မတရုံး၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့ကိုလည်း စာပို့အကြောင်းကြားခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ကျောင်းအာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စ စလုပ်ကတည်းက သက်ဆိုင်ရာ အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်တွေနဲ့သာ လုပ်ခဲ့တာဖြစ်ပြီး ဒီကနေ့ ကျောင်းသားသမဂ္ဂရဲ့ ပြောဆိုစွပ်စွဲမှုတွေနဲ့ ပတ်သက်လို့လည်း ၎င်းတို့အနေနဲ့ ပြောစရာမရှိဘူး၊ သပိတ်မှောက် ကျောင်းသားတွေဘက်က ညှိနှိုင်းလာရင်တာ့ အထက်အဆင်ဆင့် တင်ပြပေးသွားမှာပဲ ဖြစ်တယ်" လို့ မန္တလေးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင် က Opinion Leaders Media ကို ပြောပါတယ်။

သပိတ်မှောက် ကျောင်းသားတွေကတော့ ဒီကနေ့တောင်းဆိုတာတွေ မရမချင်း သပိတ်မှောက်သွားမှာပဲ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

KT
မန္တလေး၊ စက်တင်ဘာ - ၂

( Zawgyi )

မႏၲေလးတကၠသိုလ္ ေက်ာင္းဝင္းထဲ ေဆာက္လုပ္ထားတဲ့ Food Court ကိစၥနဲ႔ ပတ္သက္ၿပီး မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက ေက်နပ္မရွိလို႔ ဒီကေန႔စတင္သပိတ္ေမွာက္ေနၿပီျဖစ္ပါတယ္။Food Court ေဆာက္လုပ္တဲ့အခါမွာ တင္ဒါ စည္းမ်ဥ္းစည္းကမ္းအတိုင္း ေဆာင္႐ြက္ခဲ့တာမ်ိဳး မရွိသလို ပညာေရးဝန္ႀကီးဌာနနဲ႔ အဆင့္ျမင့္ပညာဦးစီးဌာနရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ခဲ့လို႔ဆိုၿပီး ဒါကို ျပန္စိစစ္ေပးဖို႔ ၎တို႔က သပိတ္ေမွာက္ၾကတာပါ။

"ပါေမာကၡခ်ဳပ္အေနနဲ႔ ႏိုင္ငံေတာ္သမၼတရဲ႕ ၫႊန္ၾကားခ်က္ကို ေဖာက္ဖ်က္တယ္၊ Food Court ေဆာက္လုပ္တဲ့ေနရာမွာ တင္ဒါေခၚတာမရွိဘူး၊ ေနာက္ၿပီးေတာ့ ဝန္ႀကီးဌာနရဲ႕ ခြင့္ျပဳခ်က္လည္းမရွိဘူး၊ ဒါေတြကို ျပန္စိစစ္ေပးဖို႔ ကြၽန္မတို႔ ေတာင္းဆိုေနတဲ့ၾကားကမွ မျဖစ္ျဖစ္ေအာင္ လုပ္ခဲ့ၾကတာပါ ဒီအတြက္ ကြၽန္မတို႔ ဒီေန႔သပိတ္ေမွာက္တာပါ" လို႔ မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ မယမင္းဦး က ေျပာပါတယ္။

ေက်ာင္းအာဏာပိုင္ေတြအေနနဲ႔ Food Court ေဆာက္လုပ္ဖို႔ အစည္းအေဝးေတြ လုပ္ေဆာင္ခဲ့တုန္းကလည္း စီမံခန႔္ခြဲေရးအပိုင္းမွာ ပါဝင္တဲ့ ေက်ာင္းသားသမဂၢေတြကို ပြင့္လင္းျမင္သာစြာ ခ်ျပတာမ်ိဳးမရွိဘဲ အဆိုး႐ြားဆုံးအေနနဲ႔ သမဂၢအဖြဲ႕ဝင္ေတြရဲ႕ လက္မွတ္အတုေတြ ဖန္တီးလုပ္ေဆာင္ခဲ့တာေတြလည္း ရွိတယ္လို႔ ၎တို႔က စြပ္စြဲေျပာဆိုထားပါတယ္။

"ကြၽန္ေတာ္တို႔က ဒီ Food Court ေဆာက္တာကို မေဆာက္ေစခ်င္လို႔မဟုတ္ဘူး ေက်ာင္းထဲမွာ စားေသာက္ဆိုင္ေကာင္းေကာင္းရွိတာ ကြၽန္ေတာ္တို႔အတြက္ မေက်နပ္စရာမရွိပါဘူး အခုဟာက ပြင့္လင္းျမင္သာတာမ်ိဳးမရွိဘဲ တင္ဒါေခၚခဲ့တာအတြက္ မျဖစ္သင့္ဘူးထင္လို႔ပါ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းၿပီး စစ္ေဆးေပးဖို႔ ဒီေနရာကေန ေတာင္းဆိုပါတယ္" လို႔ မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒ ကိုေဝယံထက္ က ေျပာပါတယ္။

မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢေတြအေနနဲ႔ အခုလို သပိတ္ေမွာက္ဆႏၵျပပြဲ မလုပ္ခင္ကတည္းက ေက်ာင္းအာဏာပိုင္ေတြနဲ႔ ေဆြးေႏြးခဲ့တာေတြရွိခဲ့သလို ႏိုင္ငံေတာ္၏အတိုင္ပင္ခံ႐ုံး၊ ႏိုင္ငံေတာ္သမၼတ႐ုံး၊ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးတို႔ကိုလည္း စာပို႔အေၾကာင္းၾကားခဲ့ၿပီး ျဖစ္တယ္လို႔လည္း သိရပါတယ္။

ေက်ာင္းအာဏာပိုင္ေတြဘက္ကေတာ့ ဒီကိစၥ စလုပ္ကတည္းက သက္ဆိုင္ရာ အထက္အဆင့္ဆင့္ရဲ႕ ၫႊန္ၾကားခ်က္ေတြနဲ႔သာ လုပ္ခဲ့တာျဖစ္ၿပီး ဒီကေန႔ ေက်ာင္းသားသမဂၢရဲ႕ ေျပာဆိုစြပ္စြဲမႈေတြနဲ႔ ပတ္သက္လို႔လည္း ၎တို႔အေနနဲ႔ ေျပာစရာမရွိဘူး၊ သပိတ္ေမွာက္ ေက်ာင္းသားေတြဘက္က ညႇိႏႈိင္းလာရင္တာ့ အထက္အဆင္ဆင့္ တင္ျပေပးသြားမွာပဲ ျဖစ္တယ္" လို႔ မႏၲေလးတကၠသိုလ္ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာတင္ထြန္းေအာင္ က Opinion Leaders Media ကို ေျပာပါတယ္။

သပိတ္ေမွာက္ ေက်ာင္းသားေတြကေတာ့ ဒီကေန႔ေတာင္းဆိုတာေတြ မရမခ်င္း သပိတ္ေမွာက္သြားမွာပဲ ျဖစ္တယ္လို႔ ေၾကညာထားပါတယ္။

KT
မႏၲေလး၊ စက္တင္ဘာ - ၂