【 ပြည်တွင်း အနုပညာ 】 ရွှေဖူးစာ ရုပ်ရှင်ဇာတ်ကား Premiere Show ပွဲ ပြုလုပ်

【 ပြည်တွင်း အနုပညာ 】 ရွှေဖူးစာ ရုပ်ရှင်ဇာတ်ကား Premiere Show ပွဲ ပြုလုပ်

ရန်ကုန်၊ မတ် - ၆

သရုပ်ဆောင် ပိုင်တံခွန်နဲ့ ဖွေးဖွေးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေဖူးစာ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Premiere Show ပွဲကို မတ်လ (၄) ရက်နေ့က ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ပွဲကိုတက်ရောက်လာတဲ့ သရုပ်ဆောင် ပိုင်တံခွန်က “ကျွန်တော် ဒီကားလေးကို စပြီးတော့ရတယ်ဆိုတဲ့အချိန်တုန်းက အဲဒီတုန်းက ကျွန်တော် ရန်ကုန်ပြန်ရောက်တဲ့အချိန် အဲဒီကားလေးကို တကယ်တမ်းသွားကြည့်ချင်တယ်။လေးနှစ်ကြာသွားပြီဆိုတော့ တချို့အခန်းတွေဆိုရင် မေ့တောင်မေ့သွားပြီ အဲဒီကားလေး ပြန်ပြတဲ့အချိန်မှာ ဆံပင်တောင် အရှည်ကြီးပဲ ကတုံးတောင် မတုံးရသေးဘူး။အဲဒီကားလေးကြည့်တော့ ပျော်စရာလေး။အဲဒီမှာ တောဓလေ့ရော မြို့ဓလေ့ရော အကုန်လုံးပါတယ်။ကြည့်ရင်းကြည့်ရင်းနဲ့ကို ကိုယ်ရိုက်ထားတဲ့ကားပဲ။ဒါပေမဲ့ ကိုယ်က မင်းသားနေရာမှာ ပြန်ဝင်ခံစားတယ်” လို့ ပြောပါတယ်။

ဒီပွဲမှာ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားသူတွေအပြင် အခြားအနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးပြီး ဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတဲ့ ရွှေဖူးစာ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုင်တံခွန်၊ ဖွေးဖွေး၊ ကောင်းမြတ်စံ၊ ယွန်းဝတီလွင်မိုး စတဲ့ သရုပ်ဆောင်တွေအပြင် အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို မတ်လ (၈) ရက်နေ့ကစပြီး တစ်ပြည်လုံးမှာရှိတဲ့ အဆင်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

လင်းလင်း