【 ပြည်တွင်း 】 ကျိုက္ကော်မှာ လင်မယားနှစ်ယောက် သောက်စား၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

【 ပြည်တွင်း 】 ကျိုက္ကော်မှာ လင်မယားနှစ်ယောက် သောက်စား၍ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

သုဝဏ္ဏဝတီ၊ မတ် - ၄

မွန်ပြည်နယ်၊ သထုံ၊ ကျိုက္ကော် (သုဝဏ္ဏဝတီ) မြို့၊ သိမ်‌ဆိပ်ရပ်ကွက်၊ နန်းတောင်းစုပိုင်းမှာ လင်မယားနှစ်ယောက် သောက်စားပြီး အပြန်မှာ စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူ သေဆုံးသွားတဲ့ လူသတ်မှုဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ မတ်လ ၃ ရက် ည ၁၁ နာရီ ၄၈ မိနစ်ခန့်က ဦးစောလှဖေ အသက် ၆၇ နှစ်နဲ့ ဒေါ်မြင့်ဝင်း ၅၅ နှစ်တို့ လင်မယားနှစ်ဦး အရက်သေစာ အတူသောက်စားပြီး ပြန်လာရာမှ နေအိမ်ခြံဝင်းနားက အုတ်တံတားပေါ်မှာ စကားများရန်ဖြစ်ရာကနေ ယောကျ်ားဖြစ်သူဟာ ဇနီးဖြစ်သူကို ရိုက်နှက်ထိုးကြိတ်ခဲ့ရာမှ သေဆုံးသွားတဲ့အဖြစ်ကို ကြုံရတာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းမှာ လည်ပင်းညိုမဲဒဏ်ရာ၊ နဖူးကွဲ၊ မျက်လုံးဖူးယောင်၊ နောက်စေ့ကွဲ အစရှိတဲ့ ဒဏ်ရာများနဲ့ သေဆုံးနေပြီး ပီတိနှလုံးသားလူမှုကူညီရေးအသင်း (နောင်ဘို) မှ လာရောက်သယ်ဆောင်ကာ သိမ်ဆိပ်ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိတွင် ဦးစောလှဖေဆိုသူကို ဖမ်းဆီးထားပြီး စစ်ဆေးတဲ့အခါ ဒေါသအလျောက် ကျူးလွန်တာလို့ စစ်ဆေးပေါ်ပေါက်တာကြောင့် (ပ)/၁၅/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် သိမ်ဆိပ်ရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

စီစီ
Photo - ပီတိနှလုံးသားလူမှုကူညီရေးအသင်း (နောင်ဘို)