【 ပြည်တွင်း 】 ကျုံးဘေးမှာ အုတ်ကားနဲ့ စက်ဘီး တိုက်မိမှုဖြစ်ပြီး စက်ဘီးစီးသူ ခြေထောက်ပြတ်

【 ပြည်တွင်း 】 ကျုံးဘေးမှာ အုတ်ကားနဲ့ စက်ဘီး တိုက်မိမှုဖြစ်ပြီး စက်ဘီးစီးသူ ခြေထောက်ပြတ်

မန္တလေး၊ ဧပြီ - ၂

မန္တလေးမြို့၊ ကျုံးအရှေ့ဘက်ခြမ်း၊ ၆၆ လမ်းပေါ်မှာ ဒီကနေ့မနက်ပိုင်းက အုတ်သယ်ကားနဲ့ စက်ဘီးတစ်စီးတို့ တိုက်မိမှုဖြစ်ပြီး၊ စက်ဘီးစီးလာသူ ခြေထောက်ပြတ် ကြိုးပဲ့ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

“စက်ဘီးက ပြိုင်ဘီးပေါ့နော်၊ ဘယ်လိုက ဘယ်လိုတိုက်မိတယ်ဆိုတော့ သက်ဆိုင်ရာက စစ်ဆေးနေပါတယ်၊ စက်ဘီးစီး ကောင်လေးကတော့ ညာဘက်ခြေထောက် ဒူးအထက်နားအထိ ကြေမွပြီး ပြတ်သွားတယ်၊ ညီနောင်အသင်းတစ်ခုက အစအဆုံးကူညီပေးခဲ့ပါတယ်” လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

ကျုံးအရှေ့ဘက်ခြမ်း၊ အောင်မြေသာစံမြို့နယ် ၆၆ လမ်း၊ ၂၄ လမ်းနဲ့ ၂၅ လမ်းကြားမှာ ဒီကနေ့မနက် ၆ နာရီ ၄၅ မိနစမ်လောက်က ဖြစ်ပွားခဲ့တာပါ။

ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ နယ်မြေခံယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ ပြိုင်ဘီးစီးလာတဲ့ လူငယ်အမျိုးသားရဲ့ အခြေအနေကတော့ ညာဘက်ခြေထောက်ကို အုတ်သယ်ကားက တက်ကြိတ်မိတာကြောင့် ဒူးခေါင်းအထက်နားအ ထိကြေမွကာ ပြတ်တောက်ခဲ့ရတယ်လို့ မျက်မြင်သက်သေတွေဆီကနေ သိရပါတယ်။

“အုတ်ကားက တက်ကြိတ်လို့ ခြေထောက်ပြတ်သွားတယ်” လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။

ဒဏ်ရာရသူကို နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က ရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးပြီး၊ မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကလည်း မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနဲ့ ၈၆ လမ်းထောင့်အနီးမှာ အုတ်သယ်ကားနဲ့ ဆိုင်ကယ် တိုက်မိမှုဖြစ်ရာမှ ဆိုင်ကယ်စီးလာသူ သေဆုံးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့နှစ်နှစ်ကျော်ကာလကစပြီး  မြို့တွင်းမဝင်ရ သတ်မှတ်ထားတဲ့ လမ်းတွေပေါ်မှာ အုတ်/သဲ သယ်ယာဉ်တွေ စည်းကမ်းမဲ့ဝင်ရောက် မောင်းနှင်နေတာကြောင့် မကြာခဏယာဉ်တိုက်မှုဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဖြူလုံး
Photo - Thein Tun Aung