【 ပြည်တွင်း 】 ကျောက်ရထား မိုင်းထိ၍ ရန်ကုန်နှင့် မော်လမြိုင်ကြား အင်္ကြန်အထူးရထားခရီးစဉ်များ ပြတ်တောက်သွား

【 ပြည်တွင်း 】 ကျောက်ရထား မိုင်းထိ၍ ရန်ကုန်နှင့် မော်လမြိုင်ကြား အင်္ကြန်အထူးရထားခရီးစဉ်များ ပြတ်တောက်သွား

ရန်ကုန်၊ ဧပြီ - ၁၀

ရန်ကုန်-မော်လမြိုင် ရထားလမ်း သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက်  နန်းတောင်းကြီးကျေးရွာအနီးမှာ ယနေ့ (ဧပြီ ၁၀ ရက်) နံနက်ပိုင်းက ဖြစ်ပွားတဲ့ ကျောက်ရထား မိုင်းထိတဲ့ဖြစ်ရပ်ကြောင့် ရန်ကုန်မြို့နဲ့ မော်လမြိုင်မြို့ကြားမှာ ပြေးဆွဲနေတဲ့ သင်္ကြန်အထူးရထားခရီးစဉ်တွေ ပြတ်တောက်သွားခဲ့တယ်လို့ ရထားစီးခရီးသည်တွေဆီက သိရပါတယ်။

အဆိုပါကျောက်ရထားဟာ နန်းတောင်းကြီးကျေးရွာအနီး ရထားလမ်း မိုင်တိုင်အမှတ် ၁၂၅/၂ နဲ့ ၁၂၅/၃ ကြား၊ တံတားအမှတ် ၇၉ အနီးတွင် ယနေ့ (ဧပြီ ၁၀ ရက်) နံနက် ၇နာရီ ၁၅ မိနစ်က မိုင်းထိခဲ့ပြီး စက်ခေါင်းအရှေ့မှ မိုင်းကာတွဲတစ်တွဲ၊ DF-1373 စက်ခေါင်းတွဲ တစ်တွဲ၊ စက်မောင်း နားနေတွဲ တစ်တွဲ၊ ကျောက်တွဲ တစ်တွဲတို့ လမ်းချော်ကာ ရထားလမ်း တာဘောင်အောက်သို့ ထိုးကျသွား၍ ကျောက်တွဲ တစ်တွဲမှာ သံလမ်းပေါ်တင်ကျန်တဲ့ အနေအထားနဲ့ လမ်းချော်သွားတယ်လို့ သိရပါတယ်။

သင်္ကြန်အစီအစဉ်အဖြစ် ပုံမှန်ပြေးဆွဲနေတဲ့ ရထားတွေကို ရပ်နားလိုက်ပြီး ယနေ့ (ဧပြီ ၁၀ ရက်) မှ စတင်ကာ အထူးရထားပြေးဆွဲခဲ့ရာ နံနက် ၇ နာရီ ၄၅ မိနစ်က ရန်ကုန်မှထွက်ခွာလာတဲ့ သင်္ကြန်အထူးရထားဟာ ပဲခူးဘူတာမှာပဲ ရပ်တန့်ပြီး ခရီးစဉ်ဖျက်သိမ်းခဲ့ရသလို မော်လမြိုင်ဘူတာမှ နံနက် ၉နာရီ ၁၅ မိနစ်မှာ ထွက်ခွာမယ့် သင်္ကြန်အထူးရထားဟာလည်း ထွက်ခွာနိုင်ခြင်းမရှိတော့ဘဲ ခရီးစဉ်တွေ ပြတ်တောက်သွားတယ်လို့ သိရပါတယ်။

“လောလောဆယ်တော့ အမြန်ပြီးအောင်လို့ ပြင်နေတယ်လို့တော့ ကြားတာပဲ၊ ဟိုတစ်ခါတုန်းကဆိုရင် ငါးရက်ကျော်ကျော်လောက် ကြာသွားတယ်၊ အခုကလည်း သင်္ကြန်နဲ့ ဘာနဲ့ဆိုတော့ စိတ်ပူမိတယ်” လို့လည်း ခရီးသည်တစ်ဦးက ပြောကြားပါတယ်။

သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြားမှာ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက် နံနက်ပိုင်းကလည်း အလားတူ ကျောက်ရထား မိုင်းထိကာ လမ်းချော်တိမ်းမှောက်သွားတဲ့ ဖြစ်ရပ်တစ်ခု ကြုံခဲ့သေးတယ်လို့ သိရပါတယ်။

စီစီ