【 ပြည်တွင်း 】 စစ်ကိုင်းတောင်ရိုးမှာ သောက်သုံးရေပြတ်လပ်

【 ပြည်တွင်း 】 စစ်ကိုင်းတောင်ရိုးမှာ သောက်သုံးရေပြတ်လပ်

မန္တလေး၊ ဧပြီ - ၅

စစ်ကိုင်းတောင်ရိုးတစ်လျှောက် သီတင်းသုံး နေထိုင်တော်မူကြတဲ့ ရဟန်းသံဃာနဲ့ သာသနာ့အနွယ်ဝင်သီလရှင်တွေ သောက်သုံးရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဆွမ်းကွမ်း ရှားပါးတဲ့ ဆရာလေး (သီလရှင်) တွေ ကျောင်းတွေမှာ အခု ရေပါပြတ်နေပြီ၊ သုံးဖို့ရေလည်းမရှိ၊ သောက်ဖို့ရေလည်း ရှားပါးအခြေအနေဖြစ်နေတာ၊ လူမှုရေးအသင်းတွေက ရေလာလာဖြည့်ပေးတယ်ဆိုပေမယ့်လည်း တောင်ပေါ် အလှမ်းဝေးတဲ့ ကျောင်းတွေအတွက်တော့ အတော်လေးကို အဆင်မပြေဖြစ်နေကြတယ်” လို့ စစ်ကိုင်းတောင်ရိုးအနီး နေထိုင်တဲ့ မင်းကွန်းဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းလောက်ကစပြီး သောက်သုံးရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေကြရတာလို့ သိရပါတယ်။

“ရေအလှူတော်ရှိပေမယ့်လည်း မီး (လျှပ်စစ်မီး) အလုံအလောက်မရတော့ ရေမတင်နိုင်ဘူးလေ၊ မနှစ်က ဒီအချိန် ရေမပြတ်သေးဘူး၊ ဒီနှစ် အတော်လေးကို အခြေအနေဆိုးတယ်” လို့ စာသင်သား ရဟန်းတော်တစ်ပါးက မိန့်ပါတယ်။

စစ်ကိုင်းတောင်ရိုး (စစ်ကိုင်းချောင်) တစ်ခုတည်းမှာတင် စာသင်တိုက်ပေါင်း ထောင်ချီရှိနေတာဖြစ်ပြီး သောက်သုံးရေပြတ်လပ်မှုပြဿနာကို မင်းဝံတောင်ရိုးမှာ သီတင်းသုံးနေထိုင်တော်မူကြတဲ့ ရဟန်းသံဃာနဲ့ သီလရှင်တွေလည်း ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သောက်သုံးရေပြတ်လပ်မှုဖြစ်နေတဲ့ နေရာတွေကို စစ်ကိုင်းမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေက လိုက်လံလှူဒါန်းပေးနေပြီး ၎င်းတို့မှာလည်း စက်သုံးဆီအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

“ဆီ (စက်သုံးဆီ) သာ အလုံအလောက်ရရင် ကျွန်တော်တို့ ဒီထက်မက ရေလှူသွားနိုင်မှာပါ” လို့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

ဒါကြောင့်မို့လို့ ရေလိုအပ်နေတဲ့ နေရာတွေအတွက် အလှူရှင်တွေ လိုအပ်နေပြီး လှူဒါန်းလိုသူတွေအနေနဲ့တော့ စစ်ကိုင်းမြို့ခံလူမှုရေးအသင်းအဖွဲ့တွေဆီ တိုက်ရိုက်သွားရောက် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံတွေမှာ နှစ်ခုနစ်ဆယ်ကျော်ကာလအတွင်း နေ့အပူချိန် အမြင့်ဆုံးအခြေအနေနဲ့ ကြုံတွေ့နေကြရချိန်မှာ မြန်မာနိုင်ငံမှာတော့ တစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်နေပါတယ်။

လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်မှုရဲ့ နောက်ဆက်တွဲပြဿနာအဖြစ် သောက်သုံးရေပြတ်လပ်မှုနဲ့ပါ ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လကုန်ပိုင်းလောက်ကစလို့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း အစရှိတဲ့ မြို့ကြီးတွေမှာတောင် တစ်ရက်ကို လျှပ်စစ်မီးရရှိချိန် ၂ နာရီထက် မပိုတော့ဘူးလို့ သိရပါတယ်။

ဖြူလုံး
Photo - အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့- စစ်ကိုင်း