【 ပြည်တွင်း 】 စစ်တွေမြို့မဈေးထဲ စည်ကားနေချိန် လက်နက်ကြီးကျလို့ ထိခိုက်သေဆုံးသူတွေရှိ

【 ပြည်တွင်း 】 စစ်တွေမြို့မဈေးထဲ စည်ကားနေချိန် လက်နက်ကြီးကျလို့ ထိခိုက်သေဆုံးသူတွေရှိ

စစ်တွေ၊ ဖေဖော်ဝါရီ - ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မဈေးကြီးမှာ ယနေ့ မနက် ၈ နာရီခန့်က လူစည်ကားနေချိန် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ လက်နက်ကြီးကျည် ကျရောက်ခဲ့မှုကြောင့် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး၊ ၂၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ဖော်ပြထားပါတယ်။

သေဆုံးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူတွေကိုတော့ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။

“လက်နက်ကြီးက မြို့မဈေးအတွင်း ဟင်းသီးဟင်းရွက်ရောင်းတဲ့နေရာကို ကျရောက်ခဲ့တာ။လူတွေက ဝရုန်း သုန်းကား ထွက်ပြေးကြတယ်။စျေးသည်တွေဆိုရင် ဆိုင်ခန်းတောင်မပိတ်ခဲ့ရဘဲ ထွက်ပြေးကြရတာ။လက်နက်ကြီးကျပြီးနောက်မှာ လူနာတင်ကားတွေ အများကြီးရောက်လာတယ်။လဲကျနေတဲ့သူတွေကတော့များတယ်။ဘယ်နှစ်ယောက်သေလဲဆိုတာ အတိအကျမပြောတတ်ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကြောင့် ဒဏ်ရာရ၊ သေဆုံးသူတွေဟာ ဈေးရောင်းသူတွေနဲ့ ဈေးဝယ်သူတွေဖြစ်ကြပြီး မနက်ပိုင်း ၈ နာရီကျော်အချိန်ဟာ ဈေးထဲလူတွေ အစည်ကားဆုံးအချိန်လည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်အောင်
Photo - CJ