【 ပြည်တွင်း 】 စလင်းမြို့နယ်မှာ တိုက်လေယာဉ်တစ်စီး လယ်ကွင်းထဲ ပျက်ကျ

【 ပြည်တွင်း 】 စလင်းမြို့နယ်မှာ တိုက်လေယာဉ်တစ်စီး လယ်ကွင်းထဲ ပျက်ကျ

မကွေး၊ ဖေဖော်ဝါရီ - ၂၉

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဇယ်တွင်းရွာ အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စင်း ပျက်ကျမှု ယနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ‌တွေထံမှ သိရပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ စလင်းမြို့နယ်၊ ဇယ်တွင်းရွာ အနောက်ဘက်ခြမ်းက လယ်ကွင်းတွေထဲကို ပျက်ကျခဲ့တာလို့ ဆိုပါတယ်။

စလင်းမြို့ဒေသခံများရဲ့ လူမှုကွန်ရက်မှာ ဖော်ပြချက်အရ ကြို့ဝန်းကြီးကျေးရွာအနီး လေ့ကျင့်ရေးလေယာဉ်တစ်စင်း စက်ချို့ယွင်းကာ ပျက်ကျခြင်းဖြစ်ပြီး လေယာဉ်မှာ နှစ်ပိုင်းပြတ်ကာ မီးလောင်ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။

လေယာဉ်ပေါ်ကနေ လေထီးနဲ့ လူနှစ်ယောက် ခုန်ချလာတာတွေ့ရပြီး အသံကျယ်ကြီး ကြားခဲ့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဆိုပါလေယာဉ်ဟာ တိုက်ခိုက်ခံရမှုကြောင့် ပျက်ကျသွားတာမျိုးမဟုတ်ဘဲ စက်ချို့ယွင်းပြီး ပျက်ကျတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။

လက်ရှိမှာတော့ တိုက်လေယာဉ်ပျက်ကျတဲ့ နေရာအနီးတစ်ဝိုက်မှာ လေယာဉ်တွေ ပျံဝဲခဲ့တယ်လို့ သိရပြီး ပျက်ကျတဲ့ တိုက်လေယာဉ်အမျိုးအစားကိုတော့ မသိရသေးပါဘူး။

အောင်အောင်
Photo - CJ