【 ပြည်တွင်း 】 ညအချိန် ဆိုင်ကယ်စီးလာတဲ့ အမျိုးသားကို အုပ်စုဖွဲ့ဝိုင်းရိုက်ပြီး ဆိုင်ကယ်လုယူတဲ့ဖြစ်ရပ် မန္တလေးမှာဖြစ်ပွား

【 ပြည်တွင်း 】 ညအချိန် ဆိုင်ကယ်စီးလာတဲ့ အမျိုးသားကို အုပ်စုဖွဲ့ဝိုင်းရိုက်ပြီး ဆိုင်ကယ်လုယူတဲ့ဖြစ်ရပ် မန္တလေးမှာဖြစ်ပွား

မန္တလေး၊ မတ် - ၄

မန္တလေးမြို့မှာ မနေ့က ညပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဆိုင်ကယ်ရိုက်လုခံရလို့ ပြင်းထန်ဒဏ်ရာနဲ့ ဆေးရုံရောက်နေတယ်လို့ သိခဲ့ရပါတယ်။

မန္တလေးမြို့ခံ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူကတော့ “ဆိုင်ကယ်လုယက်မှုဖြစ်စဉ်ပါပဲ၊ အုပ်စုလိုက်ဝိုင်းရိုက်ပြီး ဆိုင်ကယ်လုသွားတာပါ၊ အရိုက်ခံရတဲ့လူကို ကျွန်တော်တို့ ညီနောင်အသင်းတစ်ခုက ဆေးရုံ OPT ပို့ပေးထားတယ်၊ ခေါင်းအရိုက်ခံရတာပါ၊ ဒဏ်ရာပြင်းတယ်” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ မတ်လ ၃ ရက် ည ၉ နာရီခွဲလောက်က ပြည်ကြီးတံခွန်မြို့နယ် ၁၃၃ လမ်းနဲ့ ၆၆ လမ်းထောင့်အနီးမှာ ဖြစ်ပွားခဲ့တာပါ။

အခင်းဖြစ်ချိန်က လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး တစ်ဦးတည်း ဆိုင်ကယ်စီးနင်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်မှာ လမ်းဘေးမှာ မှောင်ရိပ်ခိုပြီး အသင့်စောင့်နေတဲ့ လူတစ်စုက ဒုတ်ဓားလက်နက်တွေနဲ့ ဝိုင်းရိုက်ပြီး ဆိုင်ကယ်ကို လုယူထွက်ပြေးသွားကြတာလို့ သိရပါတယ်။

ရိုက်နှက်ခံရတဲ့ အမျိုးသားဟာ ဦးခေါင်းနဲ့ ကျောဘက်ပိုင်းမှာ ဒဏ်ရာတွေရရှိခဲ့တယ်လို့လည်း သိရပြီး ၎င်းကို မန္တလေးဆေးရုံကြီး အရေးပေါ်ကုသဆောင်ဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး သွားရောက်ခဲ့တဲ့ လောကပါလ လူမှုကူညီရေးအသင်းကလည်း လူမှုကွန်ရက်မှာ အသိပေးရေးသား ဖော်ပြထားပါတယ်။

“ကနဦးအသက်ကယ်ပြုစုမှုပေးပြီး ဆေးရုံကြီးအရေးပေါ်ဌာနဆီ ပို့ဆောင်လိုက်တာ တွေ့ရတယ်” လို့ အခင်းဖြစ်နေရာအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာ အခုနှစ်ဆန်းပိုင်းကစလို့ ဆိုင်ကယ်ရိုက်လုမှုဖြစ်စဉ်တွေ နေ့စဉ်နဲ့အမျှ ဆက်တိုက်ဖြစ်ပွားနေပြီး တစ်ရက်မှာ လေးကြိမ်ထက်မနည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဆိုင်ကယ်လုယက်မှုဖြစ်စဉ်တွေမှာ လူ့အသက်ကိုပါ အန္တရာယ်ပြုတဲ့အထိ အုပ်စုဖွဲ့လုပ်နေကြတာကြောင့် မဖြစ်မနေ အိမ်အပြင်ထွက် အလုပ်-လုပ်ရသူတွေမှာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့မှာ အခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ဆိုင်ကယ်လုယက်ခံရမှု အကြိမ်ငါးဆယ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ကြိမ်မှာ လုယက်ခံရသူ အသက်သေဆုံးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဖြူလုံး
Photo - လောကပါလ လူမှုကူညီရေးအသင်း