【 ပြည်တွင်း 】 တရုတ်စျေးကွက် တင်ပို့ရန် အခက်အခဲဖြစ်လို့ ဖရဲ၊ သခွားစိုက်သူများ ပြည်တွင်း၌ အရှုံးခံရောင်းနေ

【 ပြည်တွင်း 】 တရုတ်စျေးကွက် တင်ပို့ရန် အခက်အခဲဖြစ်လို့ ဖရဲ၊ သခွားစိုက်သူများ ပြည်တွင်း၌ အရှုံးခံရောင်းနေ

ရန်ကုန်၊ မတ် - ၁၂

တရုတ်-မြန်မာနယ်စပ်ရဲ့ လက်ရှိကာလ လမ်းကြောင်းအခြေနေများကြောင့် တရုတ်ဘက်သို့ ဖရဲ၊ သခွား တင်ပို့ရန် အခက်အခဲဖြစ်နေကြောင်း နယ်စပ်ကုန်သည်များနှင့် ဖရဲစိုက်တောင်သူများထံမှ သိရပါတယ်။

ယခုအချိန်ဟာ ဖရဲ၊ သခွားရာသီချိန်ဖြစ်ပြီး တရုတ်ဘက်သို့ အများအပြားတင်ပို့ရမည့်အချိန်ဖြစ်သော်လည်း တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်အတွင်းက နယ်မြေမတည်ငြိမ်မှု အခြေအနေများကြောင့် တင်ပို့ရန် အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုပါတယ်။
 
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို မြောက်ပိုင်းမဟာမိတ်တပ်များက ထိန်းချုပ်ထားသည့်အတွက် ကုန်သည်များအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကို ဖြတ်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ မိုင်းလားနယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သော်လည်း ကုန်ကျစရိတ်ကြီးမြင့်မှုနှင့် အချိန်ကြာမြင့်မှုတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများကြုံနေရကြောင်း ဖရဲစိုက်တောင်သူများက ပြောပါတယ်။

ထို့ကြောင့် ဖရဲစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ကုန်ကျငွေ ပြန်ပေါ်ရန်အတွက် ပြည်တွင်းဈေးကွက်၌သာ ရသလောက်စျေးဖြင့် အရှုံးခံရောင်းချနေသူများလည်းရှိနေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်းက စိုက်ပျိုးထွက်ရှိတဲ့ ဖရဲသီးများကို တရုတ်ဈေးကွက်သို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ဖရဲသီးပေါများစွာ ထွက်ရှိသည့် နိုဝင်ဘာလမှ မေလအတွင်းကာလတွေမှာ အများဆုံးတင်ပို့ရလေ့ရှိကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဖရဲသီးပေါ်ချိန်ကလည်း တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ဖရဲသီးတန်ချိန် ၁၁၃,၀၀၀ ကျော် တင်ပို့ခဲ့ရပြီး ထိုစဉ်က ဖရဲသီးပေါ်ချိန်မှာ စျေးကောင်းရရှိခဲ့တာကြောင့်လည်း အခုနှစ်ရာသီမှာ ဖရဲစိုက်သူများခဲ့တယ်လို့ ဆိုပါတယ်။

အောင်အောင်