【 ပြည်တွင်း 】 တာချီလိတ်မြို့တွင် ငွေကျပ် သိန်း ၈၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

【 ပြည်တွင်း 】 တာချီလိတ်မြို့တွင် ငွေကျပ် သိန်း ၈၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် - ၉

ရှမ်းပြည်နယ်အရှေပိုင်း၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်မှာ ငွေကျပ် သိန်း ၈၅၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနဲ့အတူ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် ဆမ်ဂျုံ (၄၀) နှစ် မောင်းနှင်ပြီး၊ ကျဟယ် (၄၀) နှစ် လိုက်ပါလာသော CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေစဉ် ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး (ကက်တမင်း) အလေးချိန် ၁၀ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် သိန်း ၈၅၀) နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။

အဆိုပါဖမ်းမိသူတွေကို ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၇ နာရီဝန်းကျင်ခန့်တွင် စိတ်ပြောင်းဆေးဝါးများရောင်းချသူ စိုင်းလှဆွေ(ခ)အိုက်ကျိုင်း (၂၂) နှစ်အား တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်ရှိ ၎င်း၏နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး (ကက်တမင်း) အလေးချိန် ဝ.၉၈ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၈၃.၃ သိန်း)၊ အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၄၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၃.၂ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၁.၄ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။

ဖမ်းမိသူတွေကို ဟောင်လိတ်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဇိုင်းဇိုင်း
Photo - CCDAC MYANMAR