【 ပြည်တွင်း 】 တာချီလိတ် ရွေး/ကော် ဒုဦးစီးမှူးပါဝင်တဲ့ ဓားပြအဖွဲ့မှ နောက်ဆက်တွဲပါဝင်သူလေးဦး ထပ်မံဖမ်းမိ

【 ပြည်တွင်း 】 တာချီလိတ် ရွေး/ကော် ဒုဦးစီးမှူးပါဝင်တဲ့ ဓားပြအဖွဲ့မှ နောက်ဆက်တွဲပါဝင်သူလေးဦး ထပ်မံဖမ်းမိ

တာချီလိတ်၊ မတ် - ၄

ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးရမိတဲ့ တာချီလိတ်မြို့နယ် ရွေး/ကော် ဒုဦးစီးမှူးပါဝင်တဲ့ ဓားပြအဖွဲ့မှ ခုနစ်ဦးဖမ်းဆီးရမိပြီးနောက် ယင်းအဖွဲ့မှာ နောက်ဆက်တွဲပါဝင်သူလေးဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဓားပြအဖွဲ့မှာပါဝင်တဲ့ ကွင်းဆက်တရားခံတွေလို့ဆိုထားတဲ့ အိုက်ကျော် (ခ) စိုင်းကျော်လင်းဦး၊ စိုင်းစွမ်းမိန်း (ခ) အိုက်တီ၊ စိုင်းခေး၊ စိုင်းကွမ်းခေးတို့ လေးဦးကို တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၂) တွင် နေအိမ်လိုင်းခန်းငှား နေထိုင်ကြောင်း သတင်းအရ မတ်လ ၃ ရက်က ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေး၍ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုနောက်ဆက်တွဲပါဝင်သူလေးဦးနဲ့အတူ မော်တော်ယာဉ်နှစ်စီး၊ ပစ္စတိုသေနတ်တစ်လက်၊ ဓားပြတိုက်ရာ၌ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများဖြစ်သော ကျည်ကာအင်္ကျီတစ်ထည်၊ အနက်ရောင်ဘောင်းဘီရှည်တစ်ထည်၊ အနက်ရောင်အင်္ကျီနှစ်ထည်၊ စစ်စိမ်းရောင်ဘောင်းဘီနှစ်ထည်၊ လက်ထိပ်တစ်ကွင်း၊ ရဲအနွေးထည်အင်္ကျီတစ်ထည်၊ Anoffng စာတမ်းပါ စကားပြောစက်လေးလုံး၊ YGN-7/8L-8080, Toyota Crown & olo (1) SHN-12/8L-8080, Toyota Crown &ulo (1) SHN-12/3K -3899 စတဲ့ ယာဉ်နံပါတ်ပြားများ၊ အနက်ရောင်တောစီးလည်တိုဖိနပ်တစ်ရံတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ယင်းအဖွဲ့ဟာ အယောင်ဆောင်၍ ယူနီဖောင်းများဝတ်ဆင်ကာ တာချီလိတ်မြို့တွင်း ကုန်စုံဆိုင်နဲ့ နေအိမ်တွေမှာ လုယက်ဓားပြတိုက်မှုများ လုပ်ဆောင်ခဲ့တာကို သတင်းရတဲ့အတွက် အမှုမှန်ဖော်ထုတ်ရေးနိုင်ရေး နယ်မြေဒေသ သတင်းအချက်အလက်များ စုဆောင်းပြီးနောက် လုယက်ဓားပြတိုက်မှုကျူးလွန်ဖို့ မယ်ခေါင်ရပ်ကွက်တွင်းရှိ ခရိုင်ကော်မရှင်ရုံးဝင်းအတွင်း အစည်းအဝေးလုပ်ကာ တိုင်ပင်နေချိန် ဖေဖော်ဝါရီ ၂၉ ရက်က ပထမအကြိမ် ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း၊ ယခုဒုတိယအကြိမ်အဖြစ် နောက်ဆက်တွဲပါဝင်သူတွေကို ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ ကွင်းဆက်ပါဝင်သူတွေကို ဖမ်းဆီးရမိရန် လုပ်ဆောင်နေလျက်ရှိတယ်လို့ သိရပါတယ်။

ကနဦး ဖမ်းဆီးရမိချိန်က ရွေး/ကော် ဒုဦးစီးမှူး အေးကိုကိုဦးအပါအဝင် ခြောက်ဦးကို (ပ) ၂၅/၂၀၂၄၊ ၂၀၂၃ ခုနှစ်၊ လက်နက်ဥပဒေပုဒ်မ ၂၄/၃၁ ဖြင့်လည်းကောင်း၊ တရားခံ စိုင်းစံမိန်း (ခေါ်) စံမိန်းကို (ပ) ၂၆/၂၀၂၄၊ ၂၀၂၃ခုနှစ် လက်နက်ဥပဒေ ပုဒ်မ ၂၄ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားပြီး နောက်ဆက်တွဲ ဖမ်းဆီးရမိသူများကိုလည်း စစ်ဆေးနေလျက်ရှိကြောင်း သိရပါတယ်။

စီစီ
Photo – Shan East News