【 ပြည်တွင်း 】 တာမွေမြို့နယ်မှာ ငွေကျပ် သိန်း ၁၄၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

【 ပြည်တွင်း 】 တာမွေမြို့နယ်မှာ ငွေကျပ် သိန်း ၁၄၀၀ ကျော် တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မှာ ငွေကျပ် သိန်း ၁၄၀၀ ကျော် တန်ဖိုးရှိ  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေတွေနဲ့အတူ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်၊ လေးဒေါင့်ကန်လမ်းမှာ  ငြိမ်းချမ်း မောင်းနှင်ပြီး ဇော်လှိုင်ဦး (ခ) အာကာနှင့် နေဇော်ဦးတို့ လိုက်ပါလာတဲ့  MITSUBISHI အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၇၈,၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ်သိန်း ၇၈၀) နဲ့ လက်ကိုင်ဖုန်း ၃ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ CCDAC MYANMARက ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဖမ်းမိသူတွေကို စစ်ဆေးဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်မှာ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ ကျော်နိုင်ကို  ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းမီးပွိုင့်အနီးမှာ လက်ကိုင်ဖုန်း ၁ လုံးနဲ့လည်းကောင်း၊ ညနေ ၆ နာရီခွဲအချိန်မှာ ကျော်နိုင် နေထိုင်တဲ့ တာမွေမြို့နယ်၊ မန်အောင်ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂.၂၅ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၆၇၅ သိန်း) ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့တဲ့အတွက် စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၂၄၅၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းမိသူတွေကို တာမွေမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

နောင်နောင်