【 ပြည်တွင်း 】 တိုက်ပွဲတွေကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းမှာ ခရီးသည်နဲ့ ကုန်တင်ကားတွေ ပိတ်မိနေပြီး စားရေးသောက်ရေး အခက်တွေ့နေ

【 ပြည်တွင်း 】 တိုက်ပွဲတွေကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းမှာ ခရီးသည်နဲ့ ကုန်တင်ကားတွေ ပိတ်မိနေပြီး စားရေးသောက်ရေး အခက်တွေ့နေ

မန္တလေး၊ မတ် - ၆

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ထောင်နဲ့ချီတဲ့ ခရီးသည်တင်ကားနဲ့ ကုန်ကားတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။

“ကျောက်တန်း (ကောလင်းမြို့အနီး) မရောက်ခင်ကနေ စပိတ်တာ မဲဇာတောင်ခြေအထိပဲ၊ ကားအကြီးကြီးတွေရော အသေးတွေရော အစုံပဲ၊ လေးငါးခြောက်ထောင်လောက်ရှိမယ်” လို့ မန္တလေးနဲ့ မြစ်ကြီးနား အစုန်အဆန် သွားလာနေတဲ့ မြစ်ကြီးနားမြို့မှ ကုန်သည်တစ်ဦးက ပြောပါတယ်။

ကားတွေပိတ်မိနေတာ လေးရက်ခန့်ကြာနေပြီဖြစ်တာကြောင့် ကားပေါ်လိုက်ပါလာသူတွေ စားရေးသောက်ရေး အခက်အခဲတွေ့နေကြရပြီး ဒီထက်ရက်ပိုကြာလာရင် သောက်စရာရေတောင် မရှိတော့တဲ့အခြေအနေနဲ့ ရင်ဆိုင်ကြရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

“အစ်ကိုက တယ်လီဖုန်းလိုင်းရတဲ့အချိန်လေးမှာ ဆက်သွယ်လာတယ်၊ သူတို့ဖြစ်နေတဲ့ အခြေအနေတွေကို ပြောပြတာပေါ့နော်၊ အခုလောလောဆယ်က စားစရာအနည်းအကျဉ်းရှိသေးတယ်၊ အရေးတကြီးလိုနေတာက ရေလိုနေတာတဲ့” လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးရဲ့ ညီမဖြစ်သူက ပြောပါတယ်။

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းဟာ၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ရာ လမ်းပိုင်းတစ်ခုဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ခံသာကျေးရွာအနီးမှာ မတ်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။အဲဒီနောက် မနေ့က မနက်ပိုင်းကစပြီး၊ ကောလင်း-ကျောက်တန်း လမ်းပိုင်း၊ ထီးချိုင့်-အင်းတော် လမ်းပိုင်း၊ အင်းတော်-မိုးညှင်း လမ်းပိုင်း၊ ကောလင်း-ဝန်းသို-ပင်လယ်ဘူး-ဖောင်းပြင်-ဟုမ္မလင်း လမ်းပိုင်း၊ သပိတ်ကျင်း-တကောင်း-ငါးအိုး လမ်းပိုင်းနဲ့ ကောလင်း-ကျောက်တန်း-မဲဇာ-အင်းတော် လမ်းပိုင်းတို့ကို နှစ်ဘက်တပ်တွေက ပိတ်ဆို့ထားလိုက်ပါတယ်။

လမ်းပိုင်းတွေ ပိတ်ဆို့မှုကြောင့် ထောင်နဲ့ချီတဲ့ ကားတွေ ပိတ်မိနေပြီး၊ အဲဒီအထဲကမှ ကောလင်း-မဲဇာတောင်ခြေ လမ်းပိုင်းမှာ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေအများကြီး ပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ်။

“မန္တလေးဘက်ကို ပြန်ကိုဆင်းမလာနိုင်တော့တာ၊ အထက်တက်မယ့်ကားနဲ့ အောက်ဆင်းမယ့်ကား မျက်နှာချင်းဆိုင်ဆုံနေပြီး ရှေ့တိုးမရနောက်ဆုတ်မရဖြစ်နေတယ်၊ ဒီမနက် (လမ်း) ပြန်ဖွင့်ပေးတယ် ကြားပေမယ့်၊ အခုထိတော့ အဆင်မပြေသေးဘူး” လို့ မန္တလေး-မြစ်ကြီးနား ကုန်တင်ကားမောင်းသမားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကလေးဝနဲ့ တန့်ဆည်မြို့နယ်တို့မှာ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မုံရွာ၊ တန့်ဆည်၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စတဲ့ လမ်းပိုင်းတွေလည်း ပိတ်ဆို့ခံထားရပါတယ်။

ဖြူလုံး