【 ပြည်တွင်း 】 ထမင်းစားခါနီး ပျို့အန်လို့ စစ်ဆေးကြည့်ရာမှ အဓမ္မပြုကျင့်ခံရမှုပေါ်ပေါက်

【 ပြည်တွင်း 】 ထမင်းစားခါနီး ပျို့အန်လို့ စစ်ဆေးကြည့်ရာမှ အဓမ္မပြုကျင့်ခံရမှုပေါ်ပေါက်

ချောင်းဆုံ၊ မတ် - ၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်က ဟင်္သာကျွန်းကျေးရွာမှာ အမျိုးသမီးငယ်တစ်ဦးဟာ ထမင်းစားခါနီး ပျို့အန်တာကြောင့် မိခင်ဖြစ်သူက စစ်ဆေးကြည့်ရာမှ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့တာကို သိရပြီး ကျူးလွန်သူကို ဖမ်းဆီးရမိလိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အသက် ၁၈ နှစ်အရွယ်သာရှိတဲ့ အဆိုပါအမျိုးသမီးငယ်ဟာ ထမင်းစားခါနီး ပျို့အန်နေတာကြောင့် မိခင်ဖြစ်သူက ဆီးစစ်တာအပါအဝင် စစ်ဆေးမေးမြန်းမှုတွေကို လုပ်ဆောင်ခဲ့ရာမှာ အိမ်နီးချင်းဖြစ်သူ ဇော်ချို (ခ) ဖိုးဇော်ချို အသက် (၅၀) နှစ်ဆိုသူက အဓမ္မပြုကျင့်ခဲ့တာကို သိရတာကြောင့် တိုင်တန်းမှုတွေပြုလုပ်ခဲ့‌ပြီး လက်ရှိမှာ ကျူးလွန်သူကို ဖမ်းဆီးထားတယ်လို့ ဆိုကြပါတယ်။

ထိုအမျိုးသမီးငယ်ဟာ နေအိမ်မှာ အိမ်သားတွေမရှိခိုက် အိမ်နီးချင်းဖြစ်သူ ဇော်ချို (ခ) ဖိုးဇော်ချိုက နွားတင်းကုတ်သို့ ခေါ်ဆောင်၍ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ပြီး လွန်ခဲ့သော ဖေဖော်ဝါရီလကတည်းက ယခုအထိ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တာဖြစ်ကြောင်း၊ မိဘတွေထံပြောပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရတာကြောင့် ပြောဆိုရဲခြင်းမရှိဘဲ ယခုလို ပျို့အန်မှသာ သိရှိလာကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပြပါတယ်။

ထိုကျူးလွန်သူကို ယခုအခါ ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အမှုကြီးအမှတ်စဉ် (၁/၂၀၂၄) ဖြင့် အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

စီစီ