【 ပြည်တွင်း 】 နေပြည်တော်တွင် ဖရဲသီးများ အရောင်းသွက်နေ

【 ပြည်တွင်း 】 နေပြည်တော်တွင် ဖရဲသီးများ အရောင်းသွက်နေ

နေပြည်တော်၊ ဧပြီ - ၅

နေပြည်တော်တွင် အပူချိန်များ မြင့်မားလာချိန်တွင် အအေးစာ ရာသီစာဖြစ်သည့် ဖရဲသီးများ အရောင်းသွက်နေတယ်လို့ ဖရဲသီးရောင်းချသူတွေက ပြောပါတယ်။

“နေကအရမ်းပူ၊ အပူချိန်မြင့်တော့ ဖရဲသီးက ရင်အေးစာဆိုတော့ ဖရဲသီးအရမ်းစားကြတယ်၊ စားတဲ့သူ‌များတော့ အရောင်းသွက်တာပေါ့၊ အရင်ကဆို ပုံမှန်လောက်ပဲရောင်းရတာ။အခုလောက် ရောင်းအားမကောင်းဘူး။အခုဆိုရင် ကျနော်ဆို ဖရဲသီးစိတ်ရောင်းတာ တစ်နေ့ အလုံး ၁၅ လုံးကနေ၊ ၁၇ လုံးအထိ ကုန်တယ်၊ တစ်ရက်ကို တစ်သောင်းခွဲကျော်လောက် အမြတ်ကျန်တယ်၊ မနက် ၉ နာရီလောက်က စရောင်းတာ နေ့လယ် ၁ နာရီကျော်လောက်အထိပဲ ရောင်းရတာ၊ ဖရဲသီးအရောင်းသွက်တော့ အလုံးရောင်းတဲ့သူတွေက ဈေးတွေတက်လာတယ်၊ ပြီးခဲ့တဲ့အပတ်က တစ်လုံး ၃၀၀၀ ပဲ ဝယ်ရတာ၊ အခု ၃၅၀ဝ ဖြစ်သွားတယ်” လို့ ဖရဲသီးစိတ်ရောင်းချသူတစ်ဦးက ပြောပါတယ်။

နေပြည်တော်တွင် ဖရဲသီးများကို တပ်ကုန်းမြို့နယ်အတွင်း အများအပြားစိုက်ပျိုးကြပြီး ယခင်က တရုတ်ဈေးကွက်သို့ တင်ပို့ကြကြောင်း၊ ယခုအခါတွင် သယ်ယူစရိတ်မြင့်မားမှု၊ နယ်မြေအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် တင်ပို့မှုနည်းပါးသွားပြီး၊ နေပြည်တော်ဝန်းကျင်နှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချမှုများရှိကြောင်း သိရှိရပါတယ်။

ဖိုးသားကြီး