【 ပြည်တွင်း 】 နေပြည်တော်မှာ အိမ်ငှားရမ်းသည့်ဈေးကွက် ယခုကာလ ပိုအလုပ်ဖြစ်နေ

【 ပြည်တွင်း 】 နေပြည်တော်မှာ အိမ်ငှားရမ်းသည့်ဈေးကွက် ယခုကာလ ပိုအလုပ်ဖြစ်နေ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၉

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း နေပြည်တော်သို့ ပြောင်းရွှေ့နေထိုင်သူ များပြားလာပြီး နေပြည်တော် အိမ်ငှားရမ်းဈေးကွက် အလုပ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။

“၂၀၂၃ ခုနှစ်အတွင်း တစ်လျှောက်လုံး နေပြည်တော်ကို ပြောင်းရွှေ့နေထိုင်သူတွေ များလာတာနဲ့အမျှ အိမ်ခြံမြေအရောင်းအဝယ်နဲ့အတူ အိမ်ငှားဈေးကွက်ပါ အလုပ်ဖြစ်လာတယ်ဗျ၊ အများစုက တိုက်ပွဲဖြစ်ဒေသတွေဖက်က ပြောင်းလာတာတွေများတယ်၊ နေပြည်တော်မှာ အိမ်ငှားနေကြပြီး မြေကွက်ဈေးသင့်တာလေးတွေဝယ် နေထိုင်ကြတာတွေရှိကြတယ်ပေါ့၊ လောလောဆယ် အိမ်ငှားနေကြသူတွေများပါတယ်။ အများစုကတော့ လယ်ဝေး၊ တပ်ကုန်း၊ ပျဉ်းမနား၊ ရွှေကြာပင်၊ သပြေကုန်း စတဲ့ နေရာတွေမှာ အိမ်ငှားအလုပ်ဖြစ်ကြတယ်၊ တစ်လ တစ်သိန်းခွဲကနေ တစ်လခြောက်သောင်းပေးရတဲ့ အိမ်တွေ အငှားများကြတယ်၊ လုံးချင်းတိုက်တွေ၊ တိုက်ခန်းတွေကတော့ တစ်လ နှစ်သိန်းအထက်မှာရှိတယ်၊ ငှားတဲ့သူမရှိဘူးလားဆိုတော့ ရှိပါတယ်၊ ဒါပေမဲ့ နည်းပါတယ်၊ နှစ်သိန်းအောက်တွေသာ အငှားများပါတယ်၊ အနည်းဆုံး ခြောက်လ၊ တစ်နှစ် စာချုပ် ချုပ်ရတယ်” လို့  အိမ်ခြံမြေပွဲစားတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် နေပြည်တော်၊ ပျဉ်းမနားမြို့ပေါ်တွင်လည်း အိမ်ဝိုင်းခြံမြေများ ရင်းနှီးမြှုပ်နှံသူများက အိမ်ဝိုင်းခြံမြေများ ဝယ်ယူထားရှိပြီး အိမ်ငှားစားကြောင်းလည်း သိရပါတယ်။

“တချို့က အိမ်ဝိုင်းအလွတ် ပေ ၄၀-၆၀၊ ပေ ၈၀-၁၀၀ ခြံတွေကို ဝယ်ယူထားပြီး ၃ ပင်၊ ၄ ပင် သွပ်မိုး ထရံကာ အိမ်လေးငါးလုံးဆောက်၊ ဝိုင်းအတွင်းမှာ အဝီစီတွင်းတူး ကန်ကြီးတစ်ခုဆောက်၊ ရေလောင်းအိမ်သာဆောက်ပြီး ရေမီးအသင့်နေ အဆောက်အဦငယ်တွေဆောက်ပြီး အိမ်တစ်လုံး တစ်လငါးသောင်း၊ ခြောက်သောင်းနဲ့ ခြောက်လ၊ တစ်နှစ် စာချုပ်နဲ့ ငှားရမ်းစားကြသူများတယ်” လို့ ဒေသခံ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

အချို့တွေကတော့ ကိုယ့်အိမ်က အချက်အချာကျတဲ့ နေရာမျိုးမှာဆိုရင် ကိုယ့်အိမ်ဝိုင်းကို တစ်လ တစ်သိန်းခွဲ၊ နှစ်သိန်း စသဖြင့် ငှားရမ်းထားပြီး ဈေးသက်သာတဲ့ တစ်သိန်းမကျော်တဲ့ နေရာမျိုးမှာ ပြန်လည်ငှားရမ်း နေထိုင်တာမျိုးလည်းရှိကြောင်း သိရပါတယ်။

ဖိုးသားကြီး