【 ပြည်တွင်း 】 နွေကာလတွင် မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးထစ်ချုန်းရွာခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ သတိပေး

【 ပြည်တွင်း 】 နွေကာလတွင် မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးထစ်ချုန်းရွာခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ သတိပေး

ရန်ကုန်၊ ဧပြီ - ၂

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလနှင့် မေလများအတွင်း မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊  မိုးထစ်ချုန်းရွာခြင်း စသည့် ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ခြင်းကြောင့် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

နွေကာလဖြစ်သည့် ဧပြီလနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့် တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျှားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီ လျှင် မိုင် (၄၀) မှ မိုင် (၅၀) အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ထို့ကြောင့် ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် ဧပြီလနှင့် မေလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသ ဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြု နေထိုင်သွားကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေး ထုတ်ပြန်ထားပါတယ်။

လင်းလင်း