【 ပြည်တွင်း 】 ပျဉ်းမနားမြို့တွင် ၁၅၁ ကြိမ်မြောက် တပေါင်းဘုရားပွဲတော် ကျင်းပမည်

【 ပြည်တွင်း 】 ပျဉ်းမနားမြို့တွင် ၁၅၁ ကြိမ်မြောက် တပေါင်းဘုရားပွဲတော် ကျင်းပမည်

နေပြည်တော်၊ မတ် - ၂၂

နေပြည်တော်၊ ပျဉ်းမနားမြို့ပေါ်ရှိ ရှေးဟောင်းဘုရားနှစ်ဆူဖြစ်သည့် လောကမာရဇိန်စေတီနှင့် လောကရန်နှိမ်စေတီတို့၏ ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်သည့် (၁၅၁) ကြိမ်မြောက် ဘုရားပွဲတော်အား ယနေ့ မတ်လ ၂၂ ရက်တွင် စတင်ကျင်းပသွားမည်ဟု သိရပါတယ်။

၎င်းစေတီနှစ်ဆူမှာ မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်များဖြစ်သည့် မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ အမိန့်ဖြင့် ကောဇာသက္ကရာဇ် ၁၂၃၄ ခုနှစ်က တည်ထားကိုးကွယ်ခဲ့သည့် ဘုရားစေတီများဖြစ်ပြီး တစ်ပေါင်းလတွင် ဗုဒ္ဓပူဇနိယပွဲတော်များ ကျင်းပခဲ့ရာ ယခုအခါ (၁၅၁) ကြိမ်ရှိပြီဟု ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ နှစ်အရှည်ဆုံး ဘုရားပွဲတော်တွေထဲမှာ ပျဉ်းမနားမြို့က လောကမာရဇိန်၊ လောကရန်နှိမ်ဘုရားပွဲတော်လည်း ပါတယ်ပေါ့၊ အရင်ကတော့ အထင်ကရဘုရားပွဲတော်တွေထဲမှာပါတယ်၊ နေပြည်တော်ဖြစ်ပြီး ဥပ္ပါတသန္တိဘုရားတည်ပြီးနောက်ပိုင်း ဒီဘုရားပွဲတော်က မှေးမှိန်လာတယ်လို့ ပြောရမှာပေါ့၊ ဘာကြောင့်လည်းဆိုတော့ ဒီဥပ္ပါတသန္တိဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိရဘုရားပွဲတော်ကိုလည်း ဒီဘုရားပွဲနဲ့ တစ်ပြိုင်တည်းကျင်းပတော့ ဒီဘုရားပွဲက တဖြည်းဖြည်းမှေးမှိန်လာသလို ဖြစ်လာခဲ့တယ်၊ နောက် ကိုဗစ်ကာလတစ်လျှောက် မလုပ်ဖြစ်ခဲဘူး၊ နောက် နိုင်ငံရေးမတည်ငြိမ်လို့ ပြီးခဲ့တဲ့နှစ်တွေအထိ မလုပ်ဖြစ်ဘူး၊ အခုနှစ်တော့ ကျင်းပမယ်ဆိုပြီး ပျဉ်းမနားမြို့ပေါ်မှာ ဗီနိုင်းတွေကပ် ကြော်ငြာထားတာ တွေ့ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ပျဉ်းမနားမြို့၊ လောကမာရဇိန်၊ လောကရန်နှိမ် တပေါင်းဘုရားပွဲအား မတ်လ (၂၂) ရက် နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဟု သိရပါတယ်။

ဖိုးသားကြီး