【 ပြည်တွင်း 】 ပြည်ပဝယ်လက်များကြောင့် ကြက်သွန်စျေး ပြန်ကောင်းလာ

【 ပြည်တွင်း 】 ပြည်ပဝယ်လက်များကြောင့် ကြက်သွန်စျေး ပြန်ကောင်းလာ

ရန်ကုန်၊ မတ် - ၃
 
လက်ရှိ ပြည်တွင်းကြက်သွန်စျေးကွက်တွင် ပြည်ပဝယ်လက်များ အဝယ်လိုက်လာခြင်းကြောင့် ကြက်သွန်စျေး ပြန်ကောင်းလာကြောင်း ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံရှိ ပွဲရုံလုပ်ငန်းရှင်များထံမှ သိရပါတယ်။
 
ပြည်တွင်းရှိ ကြက်သွန်စျေးကွက်တွင် ဗီယက်နမ်နှင့် မလေးရှားဘက်သို့ တင်ပို့နေသော ပို့ကုန်ဝယ်လက်များက ကြက်သွန်နီများကို သိသာစွာအဝယ်ဆွဲလာခြင်းကြောင့် စျေးကွက်အတွင်း စျေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။
 
ဗီယက်နမ်နိုင်ငံနှင့် မလေးရှားနိုင်ငံ စျေးကွက်များတွင်းသို့ တင်ပို့နေသည့် ပို့ကုန်ဝယ်လက်များက ပြည်တွင်းမှ ကြက်သွန်များ ဝယ်ယူပြီးနောက် ယင်းစျေးကွက်များသို့ ထိုင်းနိုင်ငံမှ တစ်ဆင့်ခံ၍ တင်ပို့ကြခြင်းလည်းဖြစ်ကြောင်း သိရပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၁ ရက်တွင်လည်း ဘုရင့်နောင်ပွဲရုံသို့ တောင်တွင်းကြီး၊ ဆိပ်ဖြူ၊ မြစ်သား၊ မုံရွာ၊ မြင်းခြံ စသည့် ဒေသများမှ ကြက်သွန်ကားအစီးရေ ၃၀ ကျော် ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီစျေးနှုန်းများမှာလည်း အရွယ်အစားနှင့် အရည်အသွေးပေါ်လိုက်၍ ပွဲရုံစျေးမှာလည်း တစ်ပိဿာလျှင် အနိမ့်ဆုံး ၁၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ စျေးတန်းခုနစ်မျိုး စျေးဖွင့်၍ ရောင်းဝယ်နေကြကြောင်း သိရပါတယ်။
 
လင်းလင်း