【 ပြည်တွင်း 】 ပြန်ပေးဆွဲ၊ လူသတ်ခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့ဝင်တချို့ကို လူတစ်သောင်းကျော်ရှေ့မှာ ပထမဆုံးအကြိမ် သေဒဏ်စီရင်

【 ပြည်တွင်း 】 ပြန်ပေးဆွဲ၊ လူသတ်ခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့ဝင်တချို့ကို လူတစ်သောင်းကျော်ရှေ့မှာ ပထမဆုံးအကြိမ် သေဒဏ်စီရင် 

ရန်ကုန်၊ ဧပြီ - ၂၅
 
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မှာ ကိုးကန့် (MNDAA) လက်နက်ကိုင်တပ်ဖွဲ့က ပြန်ပေးဆွဲ၊ လူသတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တချို့အပါအဝင် သေဒဏ်ကျ အကျဉ်းသား ၃ ဦးကို လူထုရှေ့ ပထမဆုံး သေဒဏ်စီရင်မှုတစ်ခု ဧပြီ ၂၄ ရက် မနက်ပိုင်းကပြုလုပ်ခဲ့ကြောင်း လူမှုကွန်ရက်သတင်းဖော်ပြမှုတွေအရ သိရပါတယ်။
 
ဧပြီလ ၂၄ ရက် မနက် ၁၀ နာရီမှာ အကျဉ်းသား ၁၀ ဦးကို အစောင့်အကြပ်တွေနဲ့ လူထုရှေ့ကိုခေါ်ဆောင်လာပြီး ပြစ်မှုအသီးသီးကို ဖတ်ကြားပြကာ သေဒဏ်ကျ အကျဉ်းသား ၃ ဦးကို လူတစ်သောင်းကျော်ရှေ့မှာ သေဒဏ်ပေးခြင်းဖြစ်ကြောင်း The Kokang အမည်ရှိ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။
 
သေဒဏ်ပေးခံရတဲ့အထဲမှာ ကိုးကန့်တပ်ဖွဲ့ဝင်တချို့ပါဝင်ပြီး တပ်ရင်းမှူး၊ စစ်ကြောင်းမှူး တာဝန်ယူခဲ့ဖူးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
 
၎င်းတို့ဟာ ပြည်သူတွေအပေါ် ငွေကြေးအဓမ္မတောင်းခံတာ၊ ပြန်ပေးဆွဲတာ၊ လူသတ်မှု ကျူးလွန်တာတွေကြောင့် သေဒဏ်ပေးရတာလို့ ဖော်ပြထားပါတယ်။
 
အခြားသူ ၇ ဦးကိုတော့ ၅ နှစ်ကနေ ၁၅ နှစ်အထိ ထောင်ဒဏ်တွေနဲ့  SAR အကျဉ်းထောင်ကို ပို့ဆောင်တယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာနှောင်းပိုင်းမှာ လောက်ကိုင်မြို့ကို ကိုးကန့်တပ် (MNDAA) က ပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပြီး ကိုးကန့်ဒေသမှာ ခိုးယူလုယက်မှုတွေ ကျူးလွန်သူတွေကိုလည်း သေဒဏ်ချမှတ်မယ့်အကြောင်း MNDAA က အခုနှစ် ဇန်နဝါရီလထဲမှာ ထုတ်ပြန်ထားပါသေးတယ်။
 
Photo - The Kokang FB