【 ပြည်တွင်း 】 ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်ကျမှုကြောင့် တစ်ဦးသေဆုံးကာ ပျောက်ဆုံးသူများရှိနေ

【 ပြည်တွင်း 】 ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက် နွံကန်ပေါက်ကျမှုကြောင့် တစ်ဦးသေဆုံးကာ ပျောက်ဆုံးသူများရှိနေ

ဖားကန့်၊ မတ် - ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုမှ နွံကန်ပေါက်ကျမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

ယနေ့ မတ်လ ၁၂ ရက် နံနက် ၃ နာရီခန့်က နွံကန်ငယ်တစ်ခု ပေါက်ကျခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရုပ်အလောင်းတစ်လောင်းကို ဆယ်ယူရရှိထားပြီးဖြစ်ကာ ပျောက်ဆုံးနေသူများရှိသေးကြောင်း လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါနွံကန်ပေါက်ကျမှုဖြစ်စဉ်ဟာ အလုပ်-လုပ်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်ဟိုး ၁၀ စီးနှင့် မြေစာသယ်ကား အစီးရေ ၂၀ ခန့် ပါသွားကြောင်းနဲ့ အရပ်သား ၃၀ ဦးမနည်း သေဆုံးသွားနိုင်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားပါတယ်။

လက်ရှိသေဆုံးခဲ့သူမှာ အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ကိုမျိုးညွန့်ဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိထားသည့် မိုင်းသမားခြောက်ဦးမှ လေးဦးကိုလည်း ဖားကန့်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း ဖားကန့်မြို့၊ မနကျေးရွာရှိ တစ်သုံးလုံးကုမ္ပဏီလုပ်ကွက်တွင် မြေစာပြိုကျခဲ့သဖြင့် ရေမဆေးကျောက် ရှာဖွေနေသူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုပါတယ်။

ထို့အတူ ပြီးခဲ့တဲ့နှစ် ‌သြဂုတ် ၁၃ ရက်ကလည်း မနကျေးရွာအနီးရှိ ကျောက်စိမ်းတူးလုပ်ကွက် ရေကန်အတွင်း ကျောက်ကျင်းကမ်းပါးပြိုလို့ လက်ကျင်းကျောက်တူးနေသူ ၃၀ ဦးထက်မနည်း ရေကန်နွံအတွင်း နစ်‌မြှုပ်ပျောက်ဆုံးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်အောင်
Photo - CJ