【 ပြည်တွင်း 】 ဗားကရာဆိပ်ကမ်းအနီး ဆီတင်သင်္ဘော ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံး၊ ပေါက်ကွဲမှုကြောင့် မြို့နယ်အချို့တွင် တုန်ခါမှုခံစားရ

【 ပြည်တွင်း 】 ဗားကရာဆိပ်ကမ်းအနီး ဆီတင်သင်္ဘော ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံး၊ ပေါက်ကွဲမှုကြောင့် မြို့နယ်အချို့တွင် တုန်ခါမှုခံစားရ

ရန်ကုန်၊ မတ် - ၁

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီးက လှိုင်မြစ်အတွင်းတွင် ယနေ့ (မတ်လ ၁ ရက်) နံနက် အစောပိုင်း ၂ နာရီ ၀၇ မိနစ်အချိန်ခန့်က ဆီတင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် ပေါက်ကွဲခဲ့ရာ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်း မြို့နယ်အချို့၌ ငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့သလို မြေတုန်ခါမှုများကို ခံစားခဲ့ရကြောင်း ကိုယ်တိုင်ကြုံရသည့် ဒေသခံများထံမှ သိရပါတယ်။

“တော်တော်ပြင်းတယ်။အသံကကျယ်တော့ ပေါက်ကွဲတာ ထင်တာ။မီးလောင်တယ်လည်း ဘယ်ထင်ပါ့မလဲ။မီးသတ်ကားသံလည်း မကြားရဖူး။လိုင်းပေါ်တက်ကြည့်တော့လည်း ပေါက်ကွဲတာ ကြားရတာချည်းပဲ။မနက်ကျမှ သိရတာ။မြစ်လယ်မှာဆိုတော့ တော်တော်ကြောက်ဖို့ကောင်းမှာ” ဟု လှိုင်မြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

အဆိုပါဖြစ်ရပ်မှာ ကုန္ဒ ၆ ဒီဇယ်ဆီတင်သည့် ရေယာဉ်မှ ဦးဝဏ္ဏဆိုသူ ပိုင်ဆိုင်သော MV သင်္ဂဇာကုန်တင်ရေယာဉ်သို့ ဆီဂါလံ ၂၅၀၀ ကို ပန့်ဖြင့်စုပ်၍ ပေးပို့စဉ် ရေမြုပ်ပန့် အပူလွန်ကဲ၍ ရှော့ခ်ဖြစ်ပြီး မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သွားရောက်စစ်ဆေးသူများကဆိုထားကြောင်း သိရပါတယ်။

ထိုမီးလောင်မှုဖြစ်ပွားရာသို့ ကြည့်မြင်တိုင်မြို့နယ်၊ အလုံမြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ရှိ မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာ၍ မီးငြှိမ်းသတ်ပေးခဲ့ရသလို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ နတ်သားအမည်ရှိသော မီးသတ်ရေယာဉ်အပါအဝင် မီးသတ်အင်အားအများအပြားဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။

ထိုမီးလောင်ပေါက်ကွဲမှုကြောင့် ကုန္ဒ ၆ ဒီဇယ်ဆီတင် ရေယာဉ်၏ ဝမ်းဗိုက်နှင့် ကုန်းပတ်၊ ဒီဇယ်ဂါလံ ၈၀၀ ခန့်မှာလည်း မီးလောင်ဆုံးရှုံးခဲ့သလို MV သင်္ဂဇာ အမည်ရှိသော ကုန်တင်ရေယာဉ်ပေါ်မှ ကိုသန်းလွင် (၂၅ နှစ်)၊ ကိုဝေယံထွန်း (၁၉ နှစ်) တို့ သေဆုံးခဲ့ပြီး ဦးသန်းဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ကိုအေးမင်းထွေးနှင့် ကိုကျော်လင်းတို့နှစ်ဦးမှာ ပျောက်ဆုံးနေလျက်ရှိကြောင်း သိရပါတယ်။

လင်းလင်း