【 ပြည်တွင်း 】 မန္တလေးမှာ စားအုန်းဆီဝယ်ဖို့ တန်းစီနေသူ အပူဒဏ်ကြောင့် မူးလဲကျ သေဆုံး

【 ပြည်တွင်း 】 မန္တလေးမှာ စားအုန်းဆီဝယ်ဖို့ တန်းစီနေသူ အပူဒဏ်ကြောင့် မူးလဲကျ သေဆုံး

မန္တလေး၊ ဧပြီ - ၂၅
 
မန္တလေးမြို့မှာ ယမန်နေ့ နေ့လယ်ပိုင်းက စားအုန်းဆီအရောင်းဆိုင်ရှေ့ တန်းစီဝယ်ယူနေသူတွေထဲက အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦး မူးလဲကျ သေဆုံးမှုဖြစ်ခဲ့တယ်လို့ ဒေသခံနဲ့ ပရဟိတအသင်းတွေဆီက သိရပါတယ်။
 
“တန်းစီနေရင်း မူးတယ် မူးတယ်ဆိုပြီး လဲကျသွားလို့ လူမှုရေးအသင်း လှမ်းခေါ်ပြီး ဆေးရုံပို့တယ်၊ ဆေးရုံရောက်တော့ သေသွားတာ၊ ဒီရက်ထဲ မန္တလေးမှာ တအားအပူပြင်းနေတာကို သတိမထားမိဘူး ထင်ပါတယ်၊ ဆီရဖို့ တန်းစီနေရင်း ဖြစ်သွားတာ” လို့ အခင်းဖြစ်စဉ် သိရှိခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
မန္တလေး၊ ချမ်းအေးသာစံံမြို့နယ်၊ ၃၃ လမ်းနဲ့ ၈၅ လမ်းထောင့်အနီးက စားအုန်းဆီအရောင်းဆိုင်တစ်ဆိုင်ရှေ့မှာ မနေ့က နေ့လယ် ၁ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။
 
နေ့အပူရှိန်အပြင်းဆုံးအချိန်ကြီးမှာ တန်းစီနေဝယ်ယူနေသူတွေအကြား ဖြစ်သွားခဲ့တာဖြစ်ပြီး၊ အနီးရှိသူတွေက လူမှုကူညီရေးအသင်းတစ်ခုဆီဆက်သွယ်အကြောင်းကြားလို့ အချိန်မီရောက်လာနိုင်ခဲ့ပေမယ့်လည်း ဆေးရုံအရောက်မှာပဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
“ညီနောင်အသင်းတစ်ခုက အချိန်မီရောက်သွားတယ်ဗျ၊ First Aid လုပ်ပြီး ဆေးရုံချက်ချင်းပို့တယ်၊ ဒါပေမဲ့လည်း မမီတော့ဘူး၊ သူတို့လည်းအတော်လေးစိတ်မကောင်းဖြစ်သွားကြတယ်၊ နေ့လယ်ခင်းကြီး ၁ နာရီလောက်မှာ ဖြစ်သွားတာ” လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။
 
မန္တလေးမြို့မှာ မနေ့က တစ်ရက်အတွင်းမှာတင်၊ အပူဒဏ်ကြောင့် လမ်းသွားရင်း မူးလဲကျသူ ၆ ဦး၊ ရောဂါအခံနဲ့ နှလုံးအမောဖောက်သူ ၁ ဦး၊ သွေးအဆမတန်တိုးပြီး သတိလစ်သူ ၁ ဦး စုစုပေါင်း ၈ ဦးရှိခဲ့တယ်လို့ လက်လှမ်းမီသလောက် လူမှုကူညီရေးအသင်းတွေဆီက ရရှိထားတဲ့ အချက်အလက်အရ သိရပါတယ်။
 
“Heat Stroke ဖြစ်စဉ်တွေ ကြည့်လိုက်ရင်၊ မြို့လယ်ခေါင် ရပ်ကွက်နဲ့ ဈေးတွေမှာ အဖြစ်များတာ တွေ့ရတယ်၊ အပူရှိန်ပြင်းထန်ချိန် မွန်းကြပ်မှုကြောင့်လို့ ပြောလို့ရမယ် ထင်တာပဲ၊ နောက်တစ်ခုက ဒီရက်ထဲ မီးကလုံးဝနီးပါးကို မလာတော့ အမွန်းကြပ်ဆုံးကာလတွေလို့ ပြောရမှာပဲ” လို့ လူမှုကူညီရေးအသင်းတစ်ခုမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုပြောပါတယ်။
 
မန္တလေးမြို့ရဲ့ မနေ့ကနဲ့ ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့ နေ့အပူချိန်တွေဟာ ၄၃ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှာရှိနေပြီး၊ ဒါဟာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီဆဲလ်စီးယမ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်နေတာဖြစ်တယ်လို့  မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ နေ့လယ် ၂ နာရီအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ဖြူလုံး
Photo - မဏီစလ လူမှု/နာမှုကူညီရေးအသင်း (မန္တလေး)