【 ပြည်တွင်း 】 မန္တလေးမှာ မနက်အစောကြီးမီးလောင်မှုဖြစ်ပြီး ကလေးငယ်တစ်ဦးသေဆုံး

【 ပြည်တွင်း 】 မန္တလေးမှာ မနက်အစောကြီးမီးလောင်မှုဖြစ်ပြီး ကလေးငယ်တစ်ဦးသေဆုံး

မန္တလေး၊ မတ် - ၂
 
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်မှာ ဒီကနေ့ မနက်အစောပိုင်းက နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပြီး၊ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
“မထွက်ပြေးနိုင်တဲ့ ကလေးမလေးတစ်ယောက်က မီးလောင်ခံရပြီး ဆုံးသွားတယ်၊ DB (သေဆုံးအလောင်း) ကို လူမှုရေးအသင်းတစ်ခုက ရင်ခွဲရုံ ပို့ထားပြီးပါပြီ” လို့ မီးလောင်ပြင်ရောက်ရှိခဲ့တဲ့ မီးသတ်သမားတစ်ဦးက ပြောပါ တယ်။
 
ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ၅၉ လမ်း၊ ၁၁၂ (A) လမ်းနဲ့ ၁၁၃ လမ်းကြားကနေအိမ်တစ်လုံးကနေ ဒီကနေ့ မနက် ၅ နာရီ ၁၀ မိနစ်မှာ စတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
 
ဒီမီးလောင်မှုကို နယ်မြေခံနဲ့ ထိစပ်နယ်မြေတွေက မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၅ စီး၊ မီးသတ်တပ်ဖွဲ့၀င် (၅၀) ခန့်နဲ့ မီးငြှိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၃၇ မိနစ်ခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့လည်း သိရပါတယ်။
 
“ကလေးမလေးက နေထိုင်မကောင်းဖြစ်နေတာလို့ သိရတယ်၊ မီးလောင်တော့ ရုတ်တရတ် ထွက်မပြေးနိုင်ဘူး ထင်ပါတယ်၊ မီးထဲပါသွားတာ” လို့ မီးလောင်ပြင်သွားရောက် ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုကူညီရေးအသင်းတာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
 
မီးလောင်မှုအကြောင်းအရင်းနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ သက်ဆိုင်ရာတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း၊ ချမ်းမြသာစည်မြို့နယ်ထဲမှာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ရာမှ အသက်ခြောက်ဆယ်ကျော်အရွယ် အမျိုးသားကြီးတစ်ဦး မီးလောင်သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။
 
ဖြူလုံး
Photo - Than Htay