【 ပြည်တွင်း 】 မန္တလေးမှာ လူနေအိမ် မီးလောင်မှုဖြစ်ပြီး အိမ်ငါးလုံးထက်မနည်း ဆုံးရှုံး

【 ပြည်တွင်း 】 မန္တလေးမှာ လူနေအိမ် မီးလောင်မှုဖြစ်ပြီး အိမ်ငါးလုံးထက်မနည်း ဆုံးရှုံး

မန္တလေး၊ ဧပြီ - ၉

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၈ လမ်းနဲ့ လမ်း ၁၂၀ ထောင့်အနီးမှာ ဒီကနေ့ နေ့လယ် ၁ နာရီ ၅၅ မိနစ်ခန့်က လူနေအိမ်တစ်လုံးကနေ မီးစလောင်ပြီး၊ ငါးလုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

“ဘယ်ကစလောင်လဲတော့ မသိရသေးဘူး၊ မီးစလောင်ပြီး ၁၅ မိနစ်လောက်မှာ အိမ်ငါးလုံး ဆုံးရှုံးမှုရှိထားတယ်” လို့ မီးလောင်ပြင်ရောက်ရှိခဲ့တဲ့ မီးသတ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒီမီးလောင်မှုကို ထိစပ်နယ်မြေမီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်တွေနဲ့ Level 1  အဆင့် သတ်မှတ်ပြီး မီးငြှိမ်းသတ်ခဲ့ရာ၊ နေ့လယ် ၂ နာရီ ၂၀ မိနစ်ခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

“မီးတောထဲ စွန့်စွန့်စားစားနဲ့ မီးငြှိမ်းသတ်ရတဲ့ ရဲဘော်တချို့ ဒဏ်ရာအနည်းအပါးတော့ ရကြတာပေါ့၊ လတ်တလော သိရသလောက်အထိတော့ ကြီးကြီးမားမားပြဿနာမရှိပါဘူး” လို့ မီးလောင်ပြင်သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

မီးလောင်မှုအကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မီးသတ်ဦးစီးဌာနနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ မီးလောင်မှုဖြစ်ခဲ့တဲ့နေရာနဲ့ မလှမ်းမကမ်း (ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၈ လမ်း၊ ၁၂၅ လမ်းနဲ့ ၁၂၆ လမ်းကြား) မှာ ဧပြီလ ၇ ရက်နေ့ မနက်အစောပိုင်းတုန်းကလည်း မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။

အဲဒီမီးလောင်မှုမှာတော့ စက္ကူစက်ရုံ မီးလောင်ခဲ့တာဖြစ်ပြီး၊ မီးလောင်မှုကြောင့် ပေ ၄၀၊ ပေ ၁၇၀ အကျယ်ရှိတဲ့ Steel Structure တစ်ထပ်အဆောက်အဦနဲ့ စက္ကူကုန်ကြမ်း ပိဿာချိန် တစ်သောင်းခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဧပြီလ ၁ ရက်နေ့နဲ့ ၅ ရက်နေ့တို့ကလည်း မီးလောင်မှုတစ်ကြိမ်စီ ဖြစ်ခဲ့ပါသေးတယ်။

ဖြူလုံး
Photo - Than Htay