【 ပြည်တွင်း 】 မန္တလေးမှာ ၁ ပတ်အတွင်း မီး ၉ ကြိမ် လောင်ကျွမ်းပြီး လူ ၂ ဦးသေဆုံးခဲ့

【  ပြည်တွင်း 】 မန္တလေးမှာ ၁ ပတ်အတွင်း မီး ၉ ကြိမ် လောင်ကျွမ်းပြီး လူ ၂ ဦးသေဆုံးခဲ့

မန္တလေး၊ မတ် - ၉

မန္တလေးမြို့မှာ တစ်ပတ်အတွင်း မီးလောင်ကျွမ်းမှု ၉ ကြိမ် ဖြစ်ပွားပြီး၊ လူနှစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။

“တစ်ပတ်အတွင်း ၃ ရက်နေ့ကလွဲပြီး၊ နေ့တိုင်း မီးလောင်မှုဖြစ်ခဲ့တယ်၊ မီးလောင်မှုနှစ်ခုမှာ မ တစ်ယောက်၊ ကျား တစ်ယောက် မီးလောင်သေဆုံးခဲ့ပါတယ်” လို့ မန္တလေးခရိုင် နယ်မြေခံမီးသတ်စခန်းတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

အခု (မတ်လ) လရဲ့ ၃ ရက်နေ့မှအပ၊ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ၊ တစ်ပတ်အတွင်း မီးလောင်ကျွမ်းမှု ၉ ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး တချို့ရက်တွေမှာဆိုင်ရင် တစ်ရက်အတွင်း မီးလောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေတောင် ရှိခဲ့ပါတယ်။

“လျှပ်စစ်ဝါယာရှော့ဖြစ်တာကနေ မီးစလောင်တာများတယ်၊ အမှိုက်ပုံမီးလောင်မှုတစ်ကြိမ်ပါတယ်၊ လူသေမှုဖြစ်စဉ်အနေနဲ့ကတော့၊ မီးလောင်ချိန်မှာ ထွက်မပြေးနိုင်လို့ မီးလောင်ပြီးသေခဲ့ရတဲ့ မိန်းကလေးတစ်ဦးနဲ့ ထွက်ပြေးရင်း လဲကျသေဆုံးခဲ့တဲ့ အမျိုးသားတစ်ဦးပါ” လို့လည်း ၎င်းကပြောပါတယ်။

အဆိုပါမီးလောင်ကျွမ်းမှုတစ်ခုချင်းဆီကနေ ရရှိထားတဲ့ အချက်အလက်တွေအရတော့ လျှပ်စစ်မီးကြောင့် လောင်ကျွမ်းခဲ့တာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ၊ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ချမ်းမြသာစည်မြို့နယ် ၅၉ လမ်း၊ ၁၁၃ လမ်းနဲ့ ၁၁၄ လမ်းကြားမှာ နေအိမ်တစ်လုံးကနေ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူတစ်ဦး သေဆုံးခဲ့ပါတယ်။

အလားတူ မတ်လ ၇ ရက်နေ့ကလည်း၊ မဟာအောင်မြေမြို့နယ်၊ ရေနီမြောင်းလမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားက၊ ဝန်ထမ်းအိမ်ရာတစ်ခုအတွင်း မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး အသက်သုံးဆယ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေ ဆုံးခဲ့ပါတယ်။

တစ်ပတ်အတွင်း မီးလောင်ကျွမ်းခဲ့မှုအခြေအနေနဲ့ပတ်သက်လို့တော့ မတ်လ ၁ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်မှာ နှစ်ကြိမ်၊ မတ်လ ၂ ရက်နေ့က ချမ်းမြသာစည်မြို့နယ်မှာ တစ်ကြိမ်၊ မတ်လ ၄ ရက်နေ့က ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်မြို့နယ်တို့မှာ တစ်ကြိမ်စီ၊ မတ်လ ၅ ရက်နေ့က အောင်မြေသာစံနဲ့ မဟာအောင်မြေမြို့နယ်တို့မှာ တစ်ကြိမ်စီ၊ မတ်လ ၆ ရက်နေ့က မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်မြို့နယ်တို့မှာ တစ်ကြိမ်စီ၊ မတ်လ ၇ ရက်နေ့က မဟာအောင်မြေမြို့နယ်မှာ တစ်ကြိမ်၊ စုစုပေါင်း ၉ ကြိမ် ဖြစ်ပွားခဲ့တာလို့ သက်ဆိုင်ရာနယ်မြေမီးသတ်စခန်းတွေက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဖြူလုံး
ပုံစာ - ကျောင်းသူ မီးလောင်သေဆုံးခဲ့တဲ့ မီးလောင်မှုဖြစ်စဉ်မှ မှတ်တမ်းဓာတ်ပုံ
Photo - Than Htay