【 ပြည်တွင်း 】 မလေးရှား ဆက်သွယ်ရေးတာဝါကုမ္ပဏီ အစုရှယ်ယာများ ပြန်ရောင်း၍ မြန်မာနိုင်ငံမှ ထွက်ခွာမည်

【 ပြည်တွင်း 】 မလေးရှား ဆက်သွယ်ရေးတာဝါကုမ္ပဏီ အစုရှယ်ယာများ ပြန်ရောင်း၍ မြန်မာနိုင်ငံမှ ထွက်ခွာမည်

၂၀၂၄၊ ဧပြီ - ၆
 
ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်တဲ့ လုပ်ငန်းမှာ နာမည်ကြီး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Axiata Group ဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ အစုရှယ်ယာတွေကို ပြန်လည်ရောင်းချသွားဖို့ ကြေညာထားပါတယ်။
 
အဆိုပါကုမ္ပဏီရဲ့ edotco group ဟာ ပြည်တွင်းမှာ ပိုမိုခက်ခဲလာတဲ့ စီးပွားရေးလည်ပတ်မှုအခြေအနေများကြား မြန်မာနိုင်ငံမှ နုတ်ထွက်သွားဖို့ ဆုံးဖြတ်ထားတာဖြစ်ပြီး အစုစပ်ရှယ်ယာအဖြစ်ဖြင့် လုပ်ကိုင်နေတဲ့ Edotco Myanmar ထဲမှာ ၎င်းကုမ္ပဏီက ပိုင်ဆိုင်ထားသော အစုရှယ်ယာပိုင်ဆိုင်မှု ၈၇ ဒသမ ၅ ရာခိုင်နှုန်းကို အကုန်လုံး ဒေါ်လာ သန်း ၁၅၀ ဖြင့် ရောင်းချဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
 
Axiata ၏ လုပ်ငန်းခွဲဖြစ်တဲ့ edotco group ဟာ ၂၀၁၅ ခုနှစ်မှာ လုပ်ငန်းတန်ဖိုး ဒေါ်လာ ၂၂၁ သန်း ရင်းနှီးမြှုပ်နှံပြီး Edotco Myanmar မှာ အစုစပ်ရှယ်ယာများ ပိုင်ဆိုင်မှုဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၁၈၀၀ ကျော်ကို တည်ဆောက်ခဲ့ပြီး မလေးရှား၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှာလည်း တာဝါတိုင်ပေါင်း ၃၂,၇၅၀ ကို တည်ဆောက်၍ စီမံခန့်ခွဲကာ လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။
 
“မြန်မာနိုင်ငံက မက်ခရိုစီးပွားရေးနဲ့ လည်ပတ်မှုဝန်းကျင်တွေ ယိုယွင်းလာတာကြောင့် မြန်မာနိုင်ငံကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ” လို့လည်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို ယခုလို အစုရှယ်ယာများ ပြန်လည်ရောင်းချတာဟာ လက်ရှိကာလတန်ဖိုးအရ လုပ်ငန်းရင်းနှီးမြှုပ်နှံမှုရဲ့ ၃၀ ရာခိုင်နှုန်းကို အရှုံးခံရောင်းချခဲ့တာဖြစ်ကြောင်း၊ လုပ်ငန်းများကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနဲ့ ပေါင်းစပ်လုပ်ကိုင်နေတဲ့ ရိုးမကုမ္ပဏီအုပ်စုက Pun တာဝါလုပ်ငန်းမှ ပြန်လည်ဝယ်ယူ၍ လုပ်ကိုင်ဖို့ရှိနေတယ်လို့လည်း စင်ကာပူအခြေစိုက် သတင်းစာတစ်စောင်ဖြစ်တဲ့ The Business Times သတင်းစာမှာ ဖော်ပြထားပါတယ်။
 
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဆိုင်ရာကဏ္ဍထဲမှာ ၂၀၂၁ ခုနှစ်အတွင်း Telenor အော်ပရေတာ ကုမ္ပဏီနဲ့ ၂၀၂၂ ခုနှစ်အတွင်း Ooredoo တို့က ၎င်းတို့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းများကို ရောင်းချကာ ထွက်ခွာသွားခဲ့ပါတယ်။
 
လက်ရှိမှာ ယခင် Telenor မြန်မာကို M1 Group နဲ့ ပြည်တွင်း ရွှေဗျိုင်းဖြူကုမ္ပဏီမှ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်မှုဖြင့် ပေါင်းစပ်ထားကြတဲ့ Investcom PTE Ltd. က လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲမှာ ရွှေဗျိုင်းဖြူလုပ်ငန်းစုရဲ့ ရှယ်ယာတွေကို Myancom Holding Ltd. ထံသို့ အပြီးတိုင် လွှဲပြောင်းခဲ့သလို ရွှေဗျိုင်းဖြူလုပ်ငန်းစုမှ သက်ဆိုင်သူတွေကို အက်တမ် (ATOM) ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့မှ ထုတ်ပယ်ကာ ပြောင်းရွှေ့ခဲ့ကြပါတယ်။
 
နောက်ထပ် ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ Ooredoo Myanmar ဟာလည်း စင်ကာပူအခြေစိုက် နည်းပညာကုမ္ပဏီ The One Matrix Ventures (TOMV) ထံ ပြန်ရောင်းခဲ့ပြီး ယင်းကုမ္ပဏီဟာလည်း စင်ကာပူနိုင်ငံမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မှတ်ပုံတင်ထားခဲ့တဲ့ မြန်မာနိုင်ငံသား ဦးမျိုးမြင့်အုန်း ပိုင်သော ကုမ္ပဏီလည်းဖြစ်သလို ပြည်တွင်းမှာလည်း OHN International Online Group Co Ltd အမည်နဲ့ ၂၀၁၆ ခုနှစ်က မှတ်ပုံတင်ကာ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
 
စီစီ
Photo – TMR (The Malaysian Reserve)