【 ပြည်တွင်း 】 မူဆယ်က ပြန်ပေးဆွဲဂိုဏ်းအဖွဲ့ဝင် ၉ ယောက်ကို ဖမ်းမိထားဟု ဆို

【 ပြည်တွင်း 】 မူဆယ်က ပြန်ပေးဆွဲဂိုဏ်းအဖွဲ့ဝင် ၉ ယောက်ကို ဖမ်းမိထားဟု ဆို

မန္တလေး၊ ဧပြီ - ၂၂

တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် ဂိုဏ်းဖွဲ့ပြီး ပြန်ပေးဆွဲ ဓားပြတိုက်နေတဲ့အဖွဲ့မှ လူ ၉ ဦးကို၊ ဒီကနေ့ မနက်ပိုင်းမှာပဲ လုံခြုံရေးပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ မူဆယ်မြို့ခံ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

“စုစုပေါင်း ၉ ယောက် ဖမ်းမိထားတယ်ပေါ့နော်၊ ပြန်ပေးဆွဲဂိုဏ်း အဖွဲ့ဝင်တွေလို့ စစ်ဆေးတွေ့ရှိထားတယ်” လို့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ မူဆယ်မြို့ခံသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့မှာ အခြေစိုက်ထားပြီး၊ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်နဲ့ ဒေသအတွင်းက လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲ ဓားပြတိုက်နေတဲ့ ပြန်ပေးဆွဲဂိုဏ်းအဖွဲ့မှ ၉ ဦးကို ကနဦးဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၎င်းတို့ကို ဘယ်နေရာ ဘယ်အချိန်လောက်က ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့တော့ သက်ဆိုင်ရာက သတင်းအတိအကျထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

မူဆယ်မြို့မှာ ပြီးခဲ့တဲ့လပိုင်းလေးကတင် ခရစ်ယာန်ရပ်ကွက်ထဲ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တစ်ဦး၊ တရုတ် ယွမ်ငွေ သိန်း ၃၀ နဲ့ ပြန်ပေးဆွဲခံရမှု ဖြစ်ခဲ့ပါသေးတယ်။အဲဒီနောက်ပိုင်း၊ လုံခြုံရေးတပ်ဖွဲ့နဲ့ ဌာနပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းပြီး၊ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာမှ ဒီကနေ့ မနက်ပိုင်းမှာ ပြန်ပေးဆွဲဂိုဏ်းအဖွဲ့ဝင် ၉ ဦးကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မူဆယ်မြို့မှာ အသေးစားလုပ်ငန်းရှင်တွေကနေ ငွေကြေးကြွယ်ဝချမ်းသာသူတွေအထိ ပစ်မှတ်ထား ပြန်ပေးဆွဲခံရမှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

“ပြန်ပေးဆွဲမှုတင် ၁၀ ခါမကဘူး၊ ကလေးနဲ့ လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲတယ်၊ ဖုန်းဆက်ခြိမ်းခြောက်တာတွေရှိလို့ ရှောင်တိမ်းနေရတာတွေလည်းရှိတယ်” လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ဖမ်းဆီးရမိထားတဲ့ ပြန်ပေးဆွဲဂိုဏ်းအဖွဲ့ဝင် ၉ ဦးဟာ မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ နမ့်ဖက်ကာ၊ ကွတ်ခိုင်နဲ့ လားရှိုးမြို့တို့က ကလေးနဲ့ လုပ်ငန်းရှင်တွေကို ပြန်ပေးဆွဲခဲ့ကြသူတွေဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဖြူလုံး
Photo - ပေးပို့