【 ပြည်တွင်း 】 မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန သင်တန်းကျောင်း တည်ဆောက်နေ

【 ပြည်တွင်း 】 မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန သင်တန်းကျောင်း တည်ဆောက်နေ

ရန်ကုန်၊ ဧပြီ - ၁

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန သင်တန်းကျောင်း တည်ဆောက် အကောင်ထည်ဖော်နေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။

ယခုအကောင်အထည်ဖော် ဆောင်ရွက်နေသည့် Center for Tourism Development စီမံကိန်းသည် ခရီးသွားလုပ်ငန်း အရင်းအမြစ်ပေါများသော ရှမ်းပြည်နယ်အရှေ့ပိုင်း၏ ခရီးသွားကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်အတွက် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ပညာရပ်များကို သင်ကြားပေးနိုင်မည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန သင်တန်းကျောင်းတစ်ခုကို တည်ထောင်ရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော “Center for Tourism Development (Keng Tung)” စီမံကိန်း၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန သင်တန်းကျောင်း တည်ဆောက်ရေးနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကိုလည်း ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက ကျိုင်းတုံမြို့ရှိ Amazing Hotel မှာ ကျင်းပတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ထောက်ပံ့လျက်ရှိသော မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိ စီမံကိန်းပေါင်း ၁၀၆ ခုကို လက်ခံရရှိထားကြောင်း သိရပါတယ်။

အောင်အောင်
Photo - MOI