【 ပြည်တွင်း 】 မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနား ကျင်းပ

【 ပြည်တွင်း 】 မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်၊ ဧပြီ - ၁၁

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်း နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) စီမံကိန်းလုပ်ငန်းများ အောင်မြင်ပြီးမြောက်ကြောင်း ကြေညာခြင်း အခမ်းအနားကို ဧပြီလ၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) ဖြင့် တိရစ္ဆာန်ကူးစက်ရောဂါနှင့် တိရစ္ဆာန်နှင့် လူအကြား အပြန်အလှန်ကူးစက်တတ်သော ရောဂါများ ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး စီမံကိန်း၏ အောင်မြင်မှု အထူးပြယုဂ်အနေဖြင့် အအေးခန်းသိုလှောင်ရုံကြီးငါးခုနှင့် အရန်မီးစက်ငါးလုံးတို့ကို ကာကွယ်ဆေးများ ထုတ်လုပ်လျက်ရှိသည့် ရန်ကုန်နှင့် ပြင်ဦးလွင်ရှိ ဓာတ်ခွဲခန်းများနှင့် ကာကွယ်ဆေးများ အရေးပေါ်သိုလှောင်ရသည့် နေပြည်တော်ရုံးချုပ်တို့တွင် တည်ဆောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အဆိုပါစီမံကိန်းမှ ဓာတ်ခွဲခန်းကွန်ရက်စနစ်များကိုလည်း တည်ထောင်နိုင်ခဲ့ပြီး ကာကွယ်ဆေးများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည့် ဆေးစမ်းတိရစ္ဆာန် အဆောက်အအုံနှစ်လုံးကိုလည်း ထည့်သွင်းတည်ဆောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရခဲ့သည့် စီမံကိန်း (၄) ခုတွင် ပါဝင်သည့် မဲခေါင်-လန်ချန်း နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်းသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် စီမံကိန်းပြီးစီးခဲ့ခြင်းဖြစ်ပါတယ်။

ယင်းအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ဒုတိယအတွင်းဝန် Mr. Zheng Zhihong (မစ္စတာ ကျန်ကျိဟုန်) နှင့် ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စီမံကိန်းတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရပါတယ်။

အောင်အောင်
Photo - MDN