【 ပြည်တွင်း 】 မြန်မာ့သနပ်ခါးဈေးကွက် ထိုင်းဝယ်လက်ကြောင့် မျက်နှာပန်းလှနေ

【 ပြည်တွင်း 】 မြန်မာ့သနပ်ခါးဈေးကွက် ထိုင်းဝယ်လက်ကြောင့် မျက်နှာပန်းလှနေ

မန္တလေး၊ မတ် - ၁၀
 
ပြည်တွင်းက အသင့်တုံးထားပြီးတဲ့ သနပ်ခါးတွေကို ထိုင်းနိုင်ငံဘက်က အဝယ်များနေလို့ ဈေးကွက်ထဲ မျက်နှာပန်းလှနေတယ်လို့ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူတွေဆီကနေ သိရပါတယ်။
 
“မနှစ်က နှစ်ကုန်ပိုင်းလောက်ကနေ ဒီကနေ့အထိကို အဝယ်တအားလိုက်နေတယ်၊ ထိုင်းကုန်သည် တွေကလည်းမှာတယ်၊ ထိုင်းရောက် မြန်မာတွေကလည်း ဆက်တိုက်ကိုမှာကြတာ၊ လက်ရှိသနပ်ခါးဈေးကွက်အခြေအနေကို ပြောပါဆိုရင် အလုပ်ဖြစ်နေတယ်ပေါ့ဗျာ” လို့ မန္တလေးမြို့မှာရောက်ရှိနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့က သနပ်ခါးကုန်သည်တစ်ဦးက ပြောပါတယ်။
 
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံတွင်းမတည်ငြိမ်မှုတွေကြောင့် သနပ်ခါးဈေးကွက် ယာယီပျက်ခဲ့ရ ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့ ဈေးကွက်ထဲ ဝယ်လိုအားတက်ခဲ့တယ်လို့ သိရပါတယ်။
 
“အချောင်းလိုက်ကြီးတွေကျတော့ တင် (ပို့) ရတာအခက်အခဲရှိတယ်လေ၊ အဲဒါကြောင့်မို့လို့ အဆင် သင့်အသုံးပြုလို့ရတဲ့ အရွယ်လေးတွေဖြတ်ပြီး ပို့တယ်၊ ထိုင်းကုန်သည်တွေကလည်း အဝယ်တက်လာတယ်၊ ထိုင်းရောက် ကိုရွှေမြန်မာတွေကလည်း အဆက်မပြတ်မှာကြတော့ ဈေးကွက်ထဲရောင်းအားကောင်းနေတာပါ” လို့ သနပ်ခါး စိုက်တောင်သူတစ်ဦးကလည်းပြောပါတယ်။
 
ထိုင်းနိုင်ငံထဲ တင်ပို့တဲ့ မြန်မာ့သနပ်ခါးတွေကိုလမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အသင့်အသုံးပြုလို့ရတဲ့ အရွယ်တူ အတုံးတွေဖြစ်အောင် ပြုလုပ်ပြီးမှ တင်ပို့နေရတယ်လို့ သိရပါတယ်။
 
“အပွေးလုံးပတ်ညီ အသေး အကောင်းစားတွေ အတုံးနှစ်ဆယ်လောက်ပါတာကို၊ ဒီမှာ လက်လီဈေး ကျပ်ခုနစ်ထောင်ဝန်းကျင် ဈေးရတယ်၊ ပြည်ပပို့တော့ တစ်ဈေးပေါ့၊ အလုံးသေး အပွေးကောင်း အပွေးပတ်လည်ပါတဲ့ တစ်တုံးကို ခြောက်ရာကျပ်ဝန်းကျင်ရှိတယ်၊ သနပ်ခါးတစ်တုံးကို သုံးရာကျပ်ကနေ ကျပ်သုံးထောင်ဝန်းကျင်အထိ ဒီဘက်မှာ ဈေးဖြစ်တယ်၊ ထိုင်းရောက်တော့ ဟိုဘက်မှာပြန်ရောင်းတဲ့ ဈေးက တစ်တုံးကို ဘတ်ကိုးဆယ်ကနေ တစ်ရာကျော်အထိ အစားစားပြန်ရောင်းကြတယ် သယ်ယူစရိတ်ဘာညာနဲ့ဆိုတော့ အဲဒီလောက်တော့ ဈေးဖြစ်သွားတာပေ့ါ” လို့ သနပ်ခါးကုန်သည်တစ်ဦးက ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ စစ်ကိုင်းတိုင်းဒေသကြီးထဲက ရွှေဘို၊ အရာတော်၊ မုံရွာ၊ ကန့်ဘလူ၊ ဘုတလင်၊ မြင်းမူ၊ ကနီ၊ ယင်း မာပင်မြို့တို့နဲ့ မကွေးတိုင်းဒေသကြီးထဲက ရေစကြို၊ ပခုက္ကူ၊ မြိုင်နဲ့  ပေါက်မြို့တို့ဟာ သနပ်ခါးအများဆုံးထွက်ရှိတဲ့ ဒေသတွေပါ။
 
သနပ်ခါးအများဆုံး စိုက်ပျိုးတဲ့ ဒေသကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ထဲက အရာတော်မြို့ဖြစ်ပြီး၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ “သနပ်ခါးမြို့တော် အရာတော်” လို့တောင် ကမ္ဗည်းတင်ခဲ့ပါတယ်။
 
လင်းလင်း