【 ပြည်တွင်း 】 မြို့နယ်ရဲမှူးနှင့် တပ်ဖွဲ့ဝင်များလိုက်ပါသည့် ကား ဝမ်းတွင်းမြို့၌ မိုင်းထိ၍ သေဆုံး

【 ပြည်တွင်း 】 မြို့နယ်ရဲမှူးနှင့် တပ်ဖွဲ့ဝင်များလိုက်ပါသည့် ကား ဝမ်းတွင်းမြို့၌ မိုင်းထိ၍ သေဆုံး

ဝမ်းတွင်း၊ ဧပြီ - ၆
 
မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်လေးဦး လိုက်ပါလာတဲ့ ကားတစ်စီးဟာ မတ်လ ၅ ရက် ညပိုင်းက ဝမ်းတွင်းမြို့နယ်၊ နတ်နန်းကျေးရွာနဲ့ ထနောင်းကုန်းကျေးရွာကြားမှာ မိုင်းထိတာကြောင့် ကားပေါ် ပါရှိသူတွေအားလုံး သေဆုံးသွားတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ဖော်ပြကြပါတယ်။
 
မတ်လ ၅ ရက် ညနေပိုင်းက အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ ဦးစီးပြီးကာ စုစုပေါင်း ၄ ဦး လိုက်ပါလာတဲ့ Airwave ယာဥ်ငယ်အပါအဝင် Surf ခဲရောင်ယာဉ်တစ်စီး၊ CRV အပြာရောင်ယာဉ်တစ်စီး၊ Toyota Venza အဖြူရောင်ယာဉ်တစ်စီး စုစုပေါင်း ယာဉ်လေးစီးဟာ ကျင်းရွာဘက်မှ ယာဉ်တန်းဖြင့် ထွက်ခွာလာရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ ဦးစီးတဲ့ ယာဉ်ငယ်က ရှေ့ဆုံးမှထွက်ခွာ၍ ကျန်ယာဉ်သုံးစီးဟာ အနောက်မှ နာရီဝက်ခန့်အကြာ အကွာအဝေးမှ ထွက်ခွာလာရင်း ရှေ့ဆုံးမှယာဉ်ဟာ ယခုလို မိုင်းထိခဲ့တာလို့ လူမှုကွန်ရက်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
 
ရှေ့ဆုံးမှ အဆိုပါယာဉ်ဟာ ဝမ်းတွင်းမြို့နယ်၊ နတ်နန်းကျေးရွာအဝင် တံတားအရောက်မှာ မိုင်းထိခဲ့တာကြောင့် ကားတစ်စီးလုံး ထိခိုက်ပျက်စီးသွားပြီး လမ်းအရှည် ၁၅ ပေခန့်၊ အနံ ၈ ပေခန့် ပျက်စီးသွားကြောင်း၊ ယာဉ်ပေါ်ပါလာတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ၊ ယာဉ်မောင်းဖြစ်သူ ရဲတပ်သား ရန်ကျော်၊ ရဲတပ်သား သက်ကိုအောင်၊ ရဲတပ်သား ဟိန်းကိုကို တို့မှာ မိုင်းထိကာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုကြပါတယ်။
 
ထိုဖြစ်ရပ်ကြုံတွေ့ပြီးနောက် ရဲမှူး ဝင်းကျော်သူ ကိုင်ဆောင်တဲ့ MA -13 ၁ လက်၊ ကျည် ၁၀၀ တောင့်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည် ၁၂ တောင့်၊ ရဲတပ်သား ရန်ကျော် (ယာဉ်မောင်း) ကိုင်ဆောင်တဲ့ BA-72 ၁ လက်၊ ကျည် ၁၀၀ တောင့်၊ ရဲတပ်သား သက်ကိုအောင် ကိုင်ဆောင်တဲ့ BA-63 ၁ လက်၊ ကျည် ၁၀၀ တောင့်၊ ရဲတပ်သား ဟိန်းကိုကို ကိုင်ဆောင်တဲ့ BA-63 ၁ လက်၊ ကျည် ၁၀၀ တောင့်တို့လည်း ပျောက်ဆုံးနေတယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
 
စီစီ