【 ပြည်တွင်း 】 မြို့နယ်သုံးခုမှာ မတ်လအတွက် နေ့အပူချိန် စံချိန်သစ်တင်

【 ပြည်တွင်း 】 မြို့နယ်သုံးခုမှာ မတ်လအတွက် နေ့အပူချိန် စံချိန်သစ်တင်

ရန်ကုန်၊ ဧပြီ - ၂

မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်သုံးခုတို့တွင် မတ်လရဲ့ အပူဆုံးနေ့ အပူချိန်များအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

အဆိုပါမြို့များမှာ မကွေးတိုင်း ချောက်မြို့၊ ပဲခူးတိုင်း ပဲခူးမြို့နယ် ဇောင်းတူနဲ့ မွန်ပြည်နယ် ရေးမြို့တွေမှာ မတ်လရဲ့ အပူဆုံး နေ့အပူချိန်သစ်တွေ စံချိန်တင်ခဲ့ခြင်းဖြစ်ပါတယ်။

ချောက်မြို့မှာ နှစ်ပေါင်း ၁၁ နှစ်အတွင်း နေ့အပူချိန် စံချိန်သစ်တင်ခဲ့တာဖြစ်ပြီး ချောက်မြို့ရဲ့ အရင်စံချိန်အဟောင်းမှာ ၄၅ ဒီဂရီဆဲလ်စီးယပ်ဖြစ်ကာ အခုစံချိန်အသစ်က ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ထို့အတူ ပဲခူးတိုင်း ပဲခူးမြို့နယ် ဇောင်းတူမှာလည်း နှစ်ပေါင်း ၁၈ နှစ်အတွင်း နေ့အပူချိန် စံချိန်သစ်တင်ခဲ့ပြီး အရင်စံချိန်အဟောင်းမှာ ၄၀ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်ဖြစ်ကာ အခုစံချိန်အသစ်က ၄၀ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် ရေးမြို့မှာလည်း ငါးနှစ်အတွင်း နေ့အပူချိန် စံချိန်သစ်တင်ခဲ့ပြီး အရင်စံချိန်အဟောင်းက ၃၉ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်ဖြစ်ကာ စံချိန်အသစ်က ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အောင်အောင်