【 ပြည်တွင်း 】 ယခုနှစ်ဆန်းပိုင်းကစပြီး ဒလမြို့နယ် အိမ်ခြံမြေဈေးများ ဆက်တိုက်တက်လာ

【 ပြည်တွင်း 】 ယခုနှစ်ဆန်းပိုင်းကစပြီး ဒလမြို့နယ် အိမ်ခြံမြေဈေးများ ဆက်တိုက်တက်လာ

ရန်ကုန်၊ ဧပြီ - ၁၁

ယခု ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့နယ်ရှိ အိမ်ခြံမြေစျေးနှုန်းများမှာ ဆက်တိုက်မြင့်တက်လာနေကြောင်း ဒေသခံများနှင့် အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရပါတယ်။

လက်ရှိကာလတွင် ရန်ကုန်-ဒလတံတား စီမံကိန်းမှာလည်း  ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်တာကြောင့် ဒလမြို့နယ်ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ဝယ်ယူမှုများပြားလာပြီး ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတယ်လို့ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

စျေးကွက်ထဲတွင် အရောင်းအဝယ်ဖြစ်နေသည့် နေရာများမှာ ဒလမြို့နယ်ရဲ့ အဓိကအချက်အချာကျတဲ့ နေရာများဖြစ်သည့် တံတားအဆင်းမှာ တည်ရှိတဲ့ ထပင်ရွှေထီးရပ်ကွက်နှင့် ကျန်စစ်သားရပ်ကွက်တို့မှာ အရောင်းအဝယ်ပိုဖြစ်နေကြောင်း ၎င်းကပြောပါတယ်။

ရန်ကုန်မြို့ တစ်ဖက်ကမ်းမှာရှိတဲ့  ဒလမြို့နယ်ရဲ့ လက်ရှိမြေကွက်ဈေးနှုန်းများမှာလည်း စျေးမြင့်လျက်ရှိနေပြီး ယခင်က ကျပ်သိန်း ၈၀၀ ဝန်းကျင်သာရှိတဲ့ မြေကွက်တစ်ကွက်ကို ယခုအခါမှာတော့ ကျပ် သိန်း ၁၅၀၀ လောက်အထိ စျေးမြင့်တက်လာကြောင်း အိမ်ခြံမြေစျေးကွက်အတွင်းမှ သိရပါတယ်။

ရန်ကုန်နှင့် ဒလကို ဆက်သွက်ထားသည့် ရန်ကုန်-ဒလ တံတားစီမံကိန်းကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်မည်ဟု ပြောဆိုထားမှုများနှင့်အတူ ယခုလဆန်းပိုင်းမှာ ဒလ-ရန်ကုန်တံတားရဲ့ ဒလမြို့နယ်ဘက်ခြမ်း တိုင်မှာ ကြိုးဆိုင်းစတင်ဆွဲတဲ့လုပ်ငန်း စတင်လာသည့် အခြေအနေတွေကြောင့် ဒလမြို့နယ်ရဲ့ အိမ်ခြံမြေဈေးတွေကလည်း ဆက်လက်မြင့်တက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

လင်းလင်း