【 ပြည်တွင်း 】 ရန်ကုန်ဆိပ်ကမ်းသို့ ဧပြီလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘောအစင်း ၅၀ ဆိုက်ကပ်မည်

【 ပြည်တွင်း 】 ရန်ကုန်ဆိပ်ကမ်းသို့ ဧပြီလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘောအစင်း ၅၀ ဆိုက်ကပ်မည်

ရန်ကုန်၊ ဧပြီ - ၆

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ အခုဧပြီလအတွင်း နိုင်ငံတကာကုန်သွယ်သင်္ဘောအစင်း ၅၀ ဆိုက်ကပ် ကုန်သွယ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိသဖြင့် ဧပြီလတွင် လတ်တလော ကုန်သေတ္တာတင်သင်္ဘော (၅၀) စီး ပြေးဆွဲသွားမည်ဖြစ်ကာ ထပ်မံတိုးချဲ့ပြေးဆွဲမည့် စာရင်းအား အချိန်နှင့်တစ်ပြေးညီ တင်ပြသွားမည်ဖြစ်ကြောင်း ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များသို့ အသိပေးထုတ်ပြန်ထားပါတယ်။

အခု ဧပြီလအတွင်း နိုင်ငံတကာသင်္ဘောလိုင်းများ ဆိုက်ကပ်ရာတွင် MAERSK LINEမှ (၇) စီး ၊ S, I, T, C သင်္ဘောလိုင်းမှ (၄) စီး ၊ EVER GREEN LINE  သင်္ဘောလိုင်းမှ (၃) စီး၊ I.A.L LINE သင်္ဘောလိုင်းမှ (၁) စီး၊ BLPL သင်္ဘောလိုင်း မှ (၃) စီး၊ R.C.L LINE သင်္ဘောလိုင်းမှ (၃) စီး၊ LAND AND SEA သင်္ဘောလိုင်းမှ (၁) စီး၊ CMA CGM LINE မှ (၄) စီး၊ COSCO သင်္ဘောလိုင်းမှ (၅) စီး၊ ONE သင်္ဘောလိုင်းမှ (၂) စီး၊ T12 သင်္ဘောလိုင်းမှ (၄) စီး၊ BAY သင်္ဘောလိုင်းမှ (၁) စီး၊ SAMUDERA SHIPPING LINE မှ (၆) စီး၊ MSC မှ (၄) စီးနှင့် P.I.L မှ (၂) စီး စသည့် စုစုပေါင်း သင်္ဘောအစီးရေ (၅၀) စီး ဝင်ရောက်ကုန်သွယ်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီလလကနေ မတ်လထိ သုံးလအတွင်းမှာလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာကုန်သွယ်သင်္ဘောကြီး အစီး ၁၅၀ ကျော် ဆိုက်ကပ်ကုန်သွယ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လင်းလင်း