【 ပြည်တွင်း 】 ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွား

【 ပြည်တွင်း 】 ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ မတ် - ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း ယနေ့မနက်အစောပိုင်းက သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မတ်လ ၁ ရက် မနက် ၂ နာရီ ၂၃ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး မနက် ၃ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းတယ်လို့ ထုတ်ပြန်ထားပါတယ်။

“မနက် ၂ နာရီခွဲလောက်က ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတယ်။အဲဒီအချိန်မှာ အိမ်ပါ တုန်ခါသွားတယ်။ဘာဖြစ်တာလဲဆိုပြီး စိုးရိမ်သွားသေးတယ်။ သင်္ဘောမီးလောင်တယ်ဆိုတာကိုတော့ မနက်ကျမှ သိလိုက်ရတယ်။တချို့ကတော့ ဆီတင်သင်္ဘောလို့လည်း ပြောကြတယ်” လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အဆိုပါမီးလောင်မှုဖြစ်စဉ်အတွင်းမှာ လူထိခိုက်မှုရှိတယ်လို့လည်း လူမှုကွန်ရက်တွေမှာ သတင်းဖော်ပြမှုတွေရှိနေပမယ့် အတည်မပြုနိုင်သေးပါဘူး။

အောင်အောင်
Photo - MFSD/CJ