【 ပြည်တွင်း 】 ရန်ကုန်လူမိုက် ကျော်ဝင်းစိန် အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူ ၉ ဦးကို စစ်ကိုင်းမြို့မှာ ဖမ်းဆီးရမိဟု ဆို

【 ပြည်တွင်း 】 ရန်ကုန်လူမိုက် ကျော်ဝင်းစိန် အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူ ၉ ဦးကို စစ်ကိုင်းမြို့မှာ ဖမ်းဆီးရမိဟု ဆို

ရန်ကုန်၊ မတ် - ၇

ရန်ကုန်လူမိုက် ကျော်ဝင်းစိန်ဆိုသူကို သတ်ဖြတ်မှုမှာပါဝင်တဲ့ တရားခံ ၉ ဦးကို စစ်ကိုင်းမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။

ပြစ်မှုကျူးလွန်သူ ရဲမျိုးသိန်း (ခ) ငမျိုး ဦးဆောင်သည့် ရန်ကုန်အခြေပြု ရာဇဝတ်မှုကျူးလွန်သူများပါဝင်သည့်အဖွဲ့မှာ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စာစေတီဘုရားအနီး ပုဗ္ပာရုံကျောင်းအတွင်း၌ ဘုရားတည်ရန်ဟုဆိုကာ ရောက်ရှိ တိမ်းရှောင်နေတယ်ဆိုတဲ့ သတင်းအရ မတ်လ ၆ ရက်နေ့ နေ့လယ်ပိုင်းက သွားရောက်ဖမ်းဆီးခဲ့တာလို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ထိုသို့သွားရောက်ဖမ်းဆီးရာ ပြစ်မှုကျူးလွန်သူတွေက ထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရာ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ရဲမျိုးသိန်း (ခ) ငမျိုး၊ ဧရာဝတီတိုင်း၊ မအူပင်မြို့တွင်နေထိုင်သည့် အောင်ကျော်ကြား (ခ) ကျော်ကြီး၊ လှိုင်သာယာမြို့နယ်နေ၊ ဟိန်းထက်အောင် (ခ) ခေါင်းကြီး၊ ကျိုက်လတ်မြို့နယ်နေ အောင်မြတ်မင်း (ခ) အောင်ကြီး၊ ထန်းတပင်မြို့နယ်နေ ဥက္ကာ၊ လှိုင်သာယာမြို့နယ်နေ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကြည့်မြင်တိုင်မြို့နယ်နေ ကျော်ဆန်းလင်း (ခ) သံမဏိ၊ ကော့မှူးမြို့နယ်နေ မျိုးမင်းနိုင် (ခ) အရှည်ကြီးနှင့် ကြည့်မြင်တိုင်မြို့နယ်နေ ဇော်မင်းဦး (ခ) တွတ်ပီဆိုသူတို့ (၉) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။

ဖမ်းမိရာမှာ ဓါးရှည် (၅) ချောင်း၊ ဓါးမြှောင် (၂) ချောင်း၊ လေးခွ (၁) လက်၊ သံကုန်းသီး (၄၂) လုံးနဲ့ အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး   ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ လွှဲပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ရန်ကုန်လူမိုက် ကျော်ဝင်းစိန် အသတ်ခံရမှုနဲ့ပတ်သတ်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာထွေအမှတ် ၁၀၀/၂၀၁၁ အရ အလုံမြို့နယ်ရဲစခန်းမှာ (ပ) ၅၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၇ နဲ့ အမှုဖွင့်ထားပြီး တရားခံပြေးတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်လူမိုက် ကျော်ဝင်းစိန် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ၎င်း၏ဇနီးဖြစ်သူက လူမှုကွန်ရက်မှာ live လွှင့်ပြီး ရှင်းလင်းပြောဆိုမှုတွေကြောင့်လည်း လူစိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

နောင်နောင်