【 ပြည်တွင်း 】 ရန်ကုန်-မန္တ‌လေး လမ်းဟောင်းတွင် Express ကားက ဝင်တိုက်လို့ လုံခြုံရေးရဲတစ်ဦး သေဆုံး

【 ပြည်တွင်း 】 ရန်ကုန်-မန္တ‌လေး လမ်းဟောင်းတွင် Express ကားက ဝင်တိုက်လို့ လုံခြုံရေးရဲတစ်ဦး သေဆုံး

နေပြည်တော်၊ မတ် - ၁၁

ရန်ကုန်-မန္တ‌လေး လမ်းဟောင်းတွင် Express ကားက ဝင်တိုက်မိပြီး လုံခြုံရေးရဲတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ယနေ့ မတ်လ ၁၁ ရက် မနက် ၆ နာရီကျော်မှာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၂၂၇/၀ နဲ့ ၂၂၇/၁ ကြားမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Express ကားတိုက်မိတဲ့ ရဲမှာ လမ်းလုံခြုံရေးစောင့်နေတဲ့ ရဲတပ်ကြပ်တစ်ဦးဖြစ်ပြီး သိုက်ချောင်းဘက်က ပျဉ်းမနားဘက်ကို မောင်းနှင်လာတဲ့ ဒို့ညီနောင် ခရီးသည်တင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

၎င်းရဲတပ်ကြပ်အား ဝင်တိုက်ခဲ့သည့် ဒို့ညီနောင်ယာဉ်မောင်းမှာ အသက် ၃၈ နှစ်အရွယ်၊ ခွန်အောင်ကျော်ဟု သိရှိရပြီး ၎င်းအား ဇေယျာသီရိရဲစခန်းမှ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

ခရီးသည်တင်ယာဉ် ဝင်တိုက်မိတဲ့ ရဲတပ်ကြပ်မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာမှာပဲ သေဆုံးသွားပြီး ၎င်းရဲ့ရုပ်အလောင်းကို နေပြည်တော်၊ ကုတင် ၁၀၀၀ ဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

မတ်လ ၂၇ ရက်မှာ နေပြည်တော်တွင် ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြပွဲရှိသည့်အတွက် နေပြည်တော်၊ ရန်မန်လမ်းဟောင်းတစ်လျှောက် လုံခြုံရေးအပြည့်ချထားတာဖြစ်ပါတယ်။

ဖိုးသားကြီး
Photo - CJ