【 ပြည်တွင်း 】 သရက်သီးပေါ်ချိန် ပြည်ပဈေးကွက် တိုးချဲ့နိုင်ဖို့ ပြင်ဆင်နေ

【 ပြည်တွင်း 】 သရက်သီးပေါ်ချိန် ပြည်ပဈေးကွက် တိုးချဲ့နိုင်ဖို့ ပြင်ဆင်နေ

မန္တလေး၊ မတ် - ၂၃

လာမယ့် သရက်သီးပေါ်ချိန်မှာ မြန်မာ့စိန်တလုံးသရက်သီးတွေကို တရုတ်နိုင်ငံအပြင် ပြည်ပဈေးကွက်ကိုပါ တိုးချဲ့တင်ပို့သွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သရက်သီးကုန်သည်တွေဆီကနေ သိရပါတယ်။

“တရုတ်ကိုချည်း ပို့နေတာထက် ပြည်ပဈေးကွက်လည်း ဖောက်ချင်တယ်၊  ဖောက်ကြမယ်ပေါ့နော်၊ ကုန်သည်တွေအနေနဲ့ ကိုယ့်ကုန်ကိုယ် အရည်အသွေးမြှင့်ကြဖို့ တိုက်တွန်းထားတယ်၊ ပြည်ပဈေးကွက်မှာ ဈေးကောင်းရချင်ရင် အသီးကောင်းနေမှဖြစ်မယ်” လို့ မန္တလေးမြို့က သရက်သီးကုန်သည်တစ်ဦးက ပြောပါတယ်။

မြန်မာပြည်ကထွက်တဲ့ စိန်တလုံးသရက်သီးတွေကို ပုံမှန်အတိုင်းဆိုရင် အိမ်နီးချင်း တရုတ်နိုင်ငံကို အဓိကတင်ပို့ကြတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ စင်ကာပူနဲ့ ဒူဘိုင်းနိုင်ငံကိုပါ တင်ပို့ဖို့ စီစဉ်ခဲ့ဖူးပါတယ်။

“အဲဒီတုန်းက နိုင်ငံရေးကိစ္စတွေပေါ်လာလို့ မလုပ်နိုင်ခဲ့ဘူး၊ ဒီနှစ်တော့ ကြိုးစားကြည့်မယ်၊ တရုတ်ဘက် ထွက်ဖို့က နယ်စပ်ပြဿနာလည်းရှိနေတော့ တခြားနည်းလမ်းတွေနဲ့ တခြားနိုင်ငံတွေ ပို့နိုင်အောင် ပြင်ဆင်နေတယ်” လို့ သရက်စိုက်တောင်သူလည်းဖြစ်တဲ့ စဉ့်ကိုင်မြို့က သရက်သီးကုန်သည်တစ်ဦးကလည်း ပြောပါတယ်။

မကြာခင်မှာပဲ မန္တလေးတိုင်းဒေသကြီးအတွင်း စိန်တလုံးသရက်သီးတွေ ပေါ်လာတော့မှာဖြစ်ပြီး ဧပြီလလယ်လောက်ဆိုရင် တရုတ်နိုင်ငံကို တင်ပို့ကြပြီလို့ သိရပါတယ်။

နှစ်စဉ် ဧပြီလဆန်းပိုင်းမှာ အသီးရလို့ ပြည်ပဈေးကွက် တင်ပို့နိုင်တာဖြစ်ပြီး တရုတ်နိုင်ငံကို တရုတ်-မြန်မာနယ်စပ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် နှစ်နိုင်ငံသစ်သီးရောင်းဝယ်ကွင်းမှတစ်ဆင့် တင်ပို့ရတာပါ။

လက်ရှိ မြန်မာ့စိန်တလုံးသရက်သီးဟာ ပြည်ပဈေးကွက်မှာ အောင်မြင်မှုရရှိနေပြီး  မချစ်စု၊ ပတ္တမြားငမောက်နဲ့ ရွှေဟင်္သာတို့ကိုလည်း စမ်းသပ်တင်ပို့ဖို့ ပြင်ဆင်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး သရက်သီးအသင်းဆီကနေ သိရပါတယ်။

ဖြူလုံး
Photo - KT