【 ပြည်တွင်း 】 အမရပူရမြို့နယ်က ဆီဘောက်ဆာကားတွေ မီးလောင်မှုဖြစ်စဉ်မှာ လူ ၁ ဦးသေဆုံးခဲ့

【 ပြည်တွင်း 】 အမရပူရမြို့နယ်က ဆီဘောက်ဆာကားတွေ မီးလောင်မှုဖြစ်စဉ်မှာ လူ ၁ ဦးသေဆုံးခဲ့

မန္တလေး၊ မတ် - ၁၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက ဆီဘောက်ဆာကားတွေ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး လူတစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။

“ကုမ္ပဏီရဲ့ ယာဉ်ရပ်နားတဲ့နေရာပေါ့နော် အဲဒီခြံဝင်းထဲ ရပ်ထားတဲ့ ဆီဘောက်ဆာတစ်စီးကနေ မီးစလောင်တာပါ၊ မီးလောင်ပြီး အတော်ကြာတော့မှ လူတစ်ယောက် မီးလောင်ပြီး သေနေတာကို တွေ့ရတယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသားအလောင်းပါ၊ အလောင်းကိုတော့ ကျွန်တော်တို့ ညီနောင်အသင်းတစ်ခုကပဲ ရင်ခွဲရုံပို့ပေးခဲ့ပါ တယ်” လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

ယမန်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က မန္တလေး၊ အမရပူရမြို့နယ်၊ ကဘဲကျေးရွာအနီး စစ်ကိုင်း-မြစ်ငယ် ကားလမ်းဘေးရှိ ကုမ္ပဏီတစ်ခုရဲ့ ယာဉ်ရပ်နားတဲ့ ခြံဝင်းအတွင်း ဖြစ်ပွားခဲ့တာပါ။ရပ်ထားတဲ့ ဆီဘောက်ဆာကားတစ်စီးကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပြီး၊ တစ်နာရီခန့် မီးလောင်ကျွမ်းခဲ့ပြီးနောက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်မှာ မီးငြိမ်းသွားတယ်လို့ မီးငြှိမ်းသတ်ရာမှာပါဝင်ခဲ့တဲ့ မီးသတ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ဆီကားတွေက ဆီအပြည့်နဲ့ဆိုတော့၊ အုန်းကနဲ အုန်းကနဲ ထ-ထပေါက်တဲ့ကြားကမှ ရဲဘော်တွေ သက်စွန့်ဆံဖျား မီးငြှိမ်းသတ်ခဲ့ရတယ်၊ တစ်ခရိုင်လုံးက မီးငြှိမ်းသတ်ယာဉ်တွေ အကုန်နီးပါး လာကူရတယ်၊ လူမှုရေးအသင်းတွေကလည်း အစွမ်းကုန်ကူညီပေးကြတယ်” လို့ ၎င်းကဆိုပါတယ်။

ဒီမီးလောင်မှုကို Level 2 အဆင့် မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် ဆီဘောက်ဆီကားနှစ်စီးနှင့် အဆောက်အအုံတစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုအကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မီးသတ်ဦးစီးဌာနက ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့မတ်လ ၄ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းနဲ့ ၄၈ လမ်းထောင့်က စက်သုံးဆီဆိုင်ထဲ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး တန်ဖိုးမြင့်ကားတစ်စီးနဲ့ ဆိုင်ကယ်နှစ်စီး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဖြူလုံး
Photo - မဏိစလလူမှု/နာမှုကူညီရေးအသင်း-မန္တလေးမြို့