【 ပြည်တွင်း 】 ဧပြီလကုန်အထိ တိုင်းနှင့် ပြည်နယ် (၁၁) ခုမှာ ပျမ်းမျှအပူချိန်ထက် ပို၍ပူလာနိုင်

【 ပြည်တွင်း 】 ဧပြီလကုန်အထိ တိုင်းနှင့် ပြည်နယ် (၁၁) ခုမှာ ပျမ်းမျှအပူချိန်ထက် ပို၍ပူလာနိုင်

ရန်ကုန်၊ ဧပြီ - ၂၃

ဧပြီလ (တတိယ) ဆယ်ရက်ပတ်အတွင်း တိုင်းနှင့် ပြည်နယ် (၁၁) ခုမှာ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့် အထက် (သို့မဟုတ်) ၃၅ ဒီဂရီဖာရင်ဟိုက်နှင့် အထက် ပိုနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဧပြီလ (တတိယ) ဆယ်ရက်ပတ်အတွင်း နေ့အပူချိန်တွေအနေနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဧပြီလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့် အထက် (သို့မဟုတ်) ၃၅ ဒီဂရီဖာရင်ဟိုက်နှင့် အထက် ပိုနိုင်ပြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်တယ်လို့ သိရပါတယ်။

ဧပြီလ (တတိယ) ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေတွေဟာ  ကချင်ပြည်နယ်မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးရွာရက်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ၃ ရက်မှ ၅ ရက်ခန့်နဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ၁ ရက်မှ ၂ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (တတိယ) ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်အခြေအနေဟာ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်တယ်လို့ သိရပါတယ်။

ရဲထက်