【 ပြည်တွင်း 】 ဧပြီလအတွင်း ကံပိုင်တည်နယ်စပ်စခန်းမှ တရုတ်သို့ ပို့ကုန် ဒေါ်လာ သန်း ၃၀ ကျော်တန်ဖိုး တင်ပို့ထား

【 ပြည်တွင်း 】 ဧပြီလအတွင်း ကံပိုင်တည်နယ်စပ်စခန်းမှ တရုတ်သို့ ပို့ကုန် ဒေါ်လာ သန်း ၃၀ ကျော်တန်ဖိုး တင်ပို့ထား

ရန်ကုန်၊ ဧပြီ - ၂၆

အခု ဧပြီလအတွင်းမှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ကုန် ဒေါ်လာ သန်း ၃၀ ကျော်တန်ဖိုး တင်ပို့ထားကြောင်း သိရပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အစပိုင်းဖြစ်တဲ့ ဧပြီလ ၁ ရက်မှ ၂၀ ရက်နေ့အထိ ပို့ကုန်တန်ဖိုး ဒေါ်လာ ၃၀.၃၃၀ သန်းနှင့် သွင်းကုန်အနေဖြင့် ဒေါ်လာ ၄.၀၀၉ သန်း တင်သွင်းထားပြီး  စုစုပေါင်းကုန်သွယ်မှုအနေဖြင့် ဒေါ်လာ ၃၄.၃၃၉ သန်းဖြစ်ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဧပြီလ၂၀ ရက်အထိ ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲယင်း၊ ပဲကြီး၊ ပဲနီကြား၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ထောပတ်ပဲ၊ မတ်ပဲ၊ စွန်တာနီပဲ၊ ပဲလွန်း၊ ပဲတီစိမ်း (အနီ) သီဟိုဌ်စေ့၊ ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီး၊ ငရုတ်ခြောက်၊ မကျည်းသီး (အစေ့ပါ)၊ ကြက်သွန်နီ၊ အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတုနှင့် လောင်စာတောင့်တို့ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

အလားတူ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP ပစ္စည်းများ တင်သွင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပုံမှန်ကာလများတွင် တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုကနေ ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်သော်လည်း လက်ရှိတွင် ကံပိုင်တည်နယ်စပ်စခန်းနှင့် ကျိုင်းတုံနယ်စပ်စခန်းတို့ကသာ ကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပါတယ်။

အောင်အောင်